Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာကာသယာဉ်မှူး မဟုတ်သူနှစ်ဦး ပထမဆုံးအကြိမ်အဖြစ် အာကာသထဲမှာ လမ်းလျှောက်

ဘီလီယံနာ သူဌေးကြီး တစ်ဦးနဲ့ အင်ဂျင်နီယာ တစ်ဦးတို့ဟာ အာကာသ ယာဉ်မှူးတွေ မဟုတ်ဘဲနဲ့ အာကာသထဲမှာ ပထမဆုံး လမ်းလျှောက်ဖူးတဲ့ လူပုဂ္ဂိုလ်တွေအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

SpaceX ပုဂ္ဂလိက အာကာသ လွန်းပျံယာဉ်နဲ့ စီးနင်းလိုက်ပါသွားတဲ့ နှစ်ဦးဟာ စက်တင်ဘာ ၁၂ ရက်နေ့တုန်းက အာကာသယာဉ် အပြင်ဖက်ကို ထွက်ပြီး အာကာသ ခရီးစဉ်တွေမှာ အစွန့်စားရဆုံး လုပ်ရပ် တစ်ခုကို လက်တွေ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဂျာရတ် အိုင်ဆက်မန်းနဲ့ ဆာရာဂီလီရက်စ်တို့ဟာ အထူးတီထွင် တည်ဆောက်ထားတဲ့ အာကာသ ဝတ်စုံတွေကို ဝတ်ပြီး ၁၅ မိနစ်လောက်ခြားပြီး Space X လွန်းပျံယာဉ်ရဲ့ အပြင်ဖက်မှာ လမ်းထွက်လျှောက်ခဲ့တာပါ။ ဒါကြောင့် သူတို့နှစ်ဦးစလုံးဟာ ပရော်ဖက်ရှင်နယ် အာကာသ ယာဉ်မှူးတွေ မဟုတ်ဘဲနဲ့ အာကာသထဲမှာ ထွက်လမ်းလျှောက်တဲ့ ပထမဆုံး အမျိုးသား၊ အမျိုးသမီးတွေအဖြစ် အသီးသီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အိမ်မှာ ရှိတုန်းကတော့ ကမ္ဘာကြီးဟာ ကိစ္စတွေ ရှုပ်ထွေးများမြောင်လွန်းတဲ့ နေရာတစ်ခုလို့ ယူဆချင်စရာ ဖြစ်ခဲ့ကြောင်း၊ ဒါပေမဲ့ အာကာသထဲက လှမ်းမြင်ရတဲ့ အခါမှာတော့ ကမ္ဘာကြီးရဲ့ ပြီးပြည့်စုံမှုက ရှုမငြီးချင်စရာဖြစ်ကြောင်း အိုင်ဆက်မန်းက ပြောပါတယ်။

လူ့သမိုင်းမှာ အစိုးရ တချို့ရဲ့ အာကာသ အေဂျင်စီတွေမှာ ခန့်အပ်ထားတဲ့ အာကသာ ယာဉ်မှူးတွေသာ အစိုးရ ထောက်ပံ့စရိတ်တွေနဲ့ အာကာသထဲ ထွက်ပြီး လမ်းလျှောက်ခဲ့ကြဖူးတာပါ။ အခု ခရီးစဉ်ကိုတော့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးလည်းဖြစ်၊ လေယာဉ်မှူး တစ်ဦးလည်းဖြစ်တဲ့ အိုင်ဆက်မန်းက ငွေကုန် ကြေးကျခံ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

SpaceX ကုမ္ပဏီက လွှတ်တင်လိုက်တဲ့ Dragon အာကာသ ယာဉ်ငယ်ဟာ ကမ္ဘာမြေအထက် ကီလိုမီတာ ၇၀၀ မှာ မျောနေတဲ့အချိန် အိုင်ဆက်မန်းနဲ့ ဂီလီရက်စ်တို့ တစ်ဦးချင်းစီ အပြင်ထွက်ပြီး အာကာသထဲ လမ်းလျှောက်ကြပုံကို တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပါတယ်။ အိုင်ဆက်မန်းက ယာဉ်ရဲ့ အပြင်ဖက်ကို အရင်ဆုံး ထွက်ခဲ့ပြီး သူ့ရဲ့ ဝတ်စုံက ကောင်းကောင်း အလုပ်လုပ်ရဲ့လား ဆိုတာကို ခြေလက်တွေ ဝှေ့ရမ်းရင်း စမ်းသပ်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီ အာကာသ လမ်းလျှောက် ခရီးစဉ်ကို လုံခြုံရေး အစီအမံတွေ ပိုမို စိတ်ချရစေဖို့အတွက် မူလစီစဉ်ထားတာထက် နာရီပိုင်းလောက် နောက်ဆုတ်ပြီးမှ စတင်ခဲ့ရပါတယ်။ အာကာသယာဉ်မှာ လူ ၄ ဦး စီးနင်းလိုက်ပါသွားပြီး လေထု အပြောင်းအလဲ ဒဏ်ကြောင့် ပြင်းထန်နဲ့ နာမကျန်းမှုတွေ မဖြစ်ရအောင် ကြိုတင် လေ့ကျင့်မှုတွေ သေသေချာချာ လုပ်ဆောင်ထားခဲ့ရပါတယ်။

SpaceXရဲ့ Dragon အာကာသ ယာဉ်ငယ်လေးဟာ အခုဆိုရင် အာကာသထဲကို ၃ ကြိမ်မြောက် ပျံသန်း ရောက်ရှိခဲ့ပြီးဖြစ်ပြီး စုစုပေါင်း အာကာသ ခရီးသည် ၁၁ ဦးကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာကာသ စူးစမ်းလေ့လာမှု သမိုင်းတလျှောက် ထူးကဲတဲ့ သမိုင်းဝင် စွမ်းဆောင်မှု တစ်ခုအပြီး Artemis II အာကာသ ယာဉ်မှူးတွေဟာ ကမ္ဘာဆီ ပြန်လာနေပြီလို့ သိရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေး လက်ခံယူပြီး ရှယ်ယာတွေ ရောင်းချထားဖွယ်ရှိကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အာကာသ အစပ်နားကနေ ခုန်ချပြခဲ့ဖူးတဲ့ လူစွန့်စား အမျိုးသားဟာ စက်တပ်လေထီး စီးနင်းရင်း မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

SpaceXကုမ္ပဏီရဲ့ Starship အာကာသယာဉ် စမ်းသပ် လွှတ်တင်မှုမှာ ပေါက်ကွဲမှုဖြစ်ပြီး အပျက်အစီးတွေ ကျရောက်လာနိုင်တဲ့ အခြေအနေကြောင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက လေဆိပ်တချို့မှာ ခရီးစဉ်တွေကို ယာယီ ဆိုင်းငံ့ထားစေခဲ့ရပါတယ်။