Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Artemis II အာကာသ ယာဉ်မှူးတွေကို ထရမ့် ဂုဏ်ပြုစကားပြော

အာကာသ စူးစမ်းလေ့လာမှု သမိုင်းတလျှောက် ထူးကဲတဲ့ သမိုင်းဝင် စွမ်းဆောင်မှု တစ်ခုအပြီး Artemis II အာကာသ ယာဉ်မှူးတွေဟာ ကမ္ဘာဆီ ပြန်လာနေပြီလို့ သိရပါတယ်။

ဓာတ်ပုံ - NASA

အာကာသ စူးစမ်းလေ့လာမှု သမိုင်းတလျှောက် ထူးကဲတဲ့ သမိုင်းဝင် စွမ်းဆောင်မှု တစ်ခုအပြီး Artemis II အာကာသ ယာဉ်မှူးတွေဟာ ကမ္ဘာဆီ ပြန်လာနေပြီလို့ သိရပါတယ်။

ဧပြီ ၆ ရက် ညပိုင်းမှာ ယာဉ်မှူး ၄ ဦးပါတဲ့ အာကာသယာဉ်ဟာ လူ့သမိုင်းတလျှောက် ဘယ်တုန်းကမှ သွားရောက်စူးစမ်းနိုင်ခြင်း မရှိခဲ့ဖူးသေးတဲ့ လရဲ့ ပိုဝေးတဲ့ မျက်နှာပြင်ဖက်ခြမ်းကနေ ဖြတ်ပျံနိုင်ခဲ့သလို သူတို့ရဲ့ ယာဉ်ပေါ်ကနေပြီး အပြည့်အဝ နေကြတ်မှု ဖြစ်စဉ်ကိုလည်း စောင့်ကြည့်နိုင်ခဲ့ပါတယ်။

စွန့်စားရပြီး ဘာတွေ ဖြစ်မလဲ ဆိုတာကို ကြိုမမှန်းဆနိုင်တဲ့ အဲဒီ သမိုင်းဝင် ပျံသန်းမှု မစ်ရှင်ကြီး အောင်မြင်ပြီး အာကာသယာဉ်နဲ့ အဆက်အသွယ် ပြန်လုပ်လို့ ရလာချိန်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယာဉ်မှူး ၄ ဦးဆီ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။

Artemis II အဖွဲ့သားတွေဟာ ဒီနေ့မှာ အမေရိကန် နိုင်ငံသားတွေ အားလုံး အထူးတလည် ကျေနပ် ပျော်ရွှင်စေမယ့်၊ ဂုဏ်ယူစေမယ့် သမိုင်းမှတ်တိုင်ကို ဖန်တီးနိုင်ခဲ့ကြောင်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့အတူ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ) အကြီးအကဲ ဂျရတ်ဒ် အိုင်ဆက်မန်းကလည်း ယာဉ်မှူးတွေကို ချီးကျူးသွားခဲ့ပါတယ်။ လရဲ့ တခြားတစ်ဖက်ခြမ်း မျက်နှာစာကို လူသားတွေ စီးနင်းလိုက်ပါသွားတဲ့ အာကာသယာဉ်ပေါ်ကနေ စောင့်ကြည့်ခွင့် ရတာမျိုး လူ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ကြောင်း၊ ယာဉ်မှူးတွေ လုပ်ဆောင်ပြနိုင်ခဲ့တဲ့ ကိစ္စက ထူးကဲလွန်းကြောင်း အိုင်ဆက်မန်းက ပြောပါတယ်။

နာဆာရဲ့ ယာဉ်မှူးတွေဖြစ်တဲ့ ရိဒ်ဝိုက်စ်မန်း၊ ဗစ်တာ ဂလာဗာ၊ ခရစ္စတီးနား ကော့ချ်နဲ့ ကနေဒါ အာကာသယာဉ်မှူး ဂျရမီ ဟန်ဆန်တို့ဟာ ဧပြီ ၆ ရက်နေ့မှာ အာကာသ စူးစမ်းမှုဆိုင်ရာ သမိုင်းမှတ်တိုင်သစ် တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာရဲ့ အပြင်ဖက်ကို လူသားတွေ အဝေးဆုံး သွားရောက်နိုင်ဖူးတဲ့ စံချိန်သစ်ကို တင်ခဲ့တာပါ။ သူတို့ အဝေးဆုံး ရောက်ခဲ့တဲ့ နေရာဟာ ကမ္ဘာနဲ့ ၂၅၂၇၅၆ မိုင် ဝေးကွာပြီး ၁၉၇၀ ပြည့်နှစ်တုန်းက Apollo 13 မစ်ရှင်က ရရှိဖူးတဲ့ စံချိန်ဟောင်းကို ကျော်လွန်ခဲ့ပါတယ်။ အခုတော့ Artemis IIဟာ ကမ္ဘာဆီကို ဦးတည်ပျံသန်းလာနေပါပြီ။

Artemis IIဟာ လရဲ့ တခြားတစ်ဖက်ခြမ်းဆီ ရောက်နေခဲ့ချိန်မှာ နာဆာနဲ့ မိနစ် ၄၀ လောက်ကြာအောင် အဆက်အသွယ် ပြတ်တောက်နေခဲ့ပါတယ်။

လရဲ့ တစ်ဖက်ခြမ်းမှာ သူတို့ မြင်တွေ့ခဲ့ရတာတွေနဲ့ ရရှိခဲ့တဲ့ ခံစားချက်တွေကို ဖော်ပြဖို့ လုံလောက်တဲ့ နာမဝိသေသနမျိုးတောင် မရှိနိုင်ဘူးလို့ ယာဉ်မှူး တစ်ဦးဖြစ်တဲ့ ဂလိုဗာက ပြောကြားသွားပါတယ်။ နာဆာကလည်း အဖွဲ့အစည်းအတွင်းက သိပ္ပံ ပညာရှင်တွေအတွက် အင်မတန် အလုပ်များသလောက် ထူးကဲပြီး ပီတိဖြစ်စရာ နေ့တစ်နေ့ကို ဖြတ်သန်းခွင့် ရခဲ့ကြောင်း ကြေညာပါတယ်။

Artemis II မစ်ရှင် အဖွဲ့သားတွေဟာ ဧပြီ ၁၀ ရက်နေ့မှာ ကမ္ဘာမြေကို ပြန်လည် ရောက်ရှိနိုင်ဖို့ စီစဉ်ထားပါတယ်။ အာကာသ ယာဉ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့ကနေ မိုင် ၅၀ လောက်အကွာ ပစိဖိတ် သမုဒ္ဒရာထဲကို ကျဆင်းလာမယ်လို့ ခန့်မှန်းထားပြီး အဲဒီနေရာမှာ သိပ္ပံပညာရှင်တွေကို သွားရောက် ခေါ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ရေနံတင် သင်္ဘောတွေကို အီရန်က အခွန်ကောက်တာမျိုး လုံးဝ မလုပ်သင့်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ငြိမ်းချမ်းရေး ဆွေးနွေးမှု ပျက်ပြယ်ခဲ့တဲ့နောက် အီရန် အနေနဲ့ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့တွေ နောက်တစ်ခါ ထပ်ပြီး စေလွှတ်ချင်သလား ဆိုတာကို သူဂရုမစိုက်တော့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

မဟာမိတ် NATO အဖွဲ့ဟာ အစွမ်းအစ မရှိတဲ့ စက္ကူကျား ဖြစ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန် ပုတ်ခတ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သဘောမတူဘူးဆိုရင် အီရန်ကို တစ်ညအတွင်း ဖြိုခွင်းပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။