Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဥရောပ ကုမ္ပဏီတစ်ခုက ပထမဆုံးအကြိမ် အာကာသထဲ ဒုံးပျံလွှတ်တင်

ဂျာမနီက ပုဂ္ဂလိက လေကြောင်းသိပ္ပံ ကုမ္ပဏီ တစ်ခုဟာ အာကာသထဲကို ဒုံးပျံတစ်စင်း ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဂျာမနီက ပုဂ္ဂလိက လေကြောင်းသိပ္ပံ ကုမ္ပဏီ တစ်ခုဟာ အာကာသထဲကို ဒုံးပျံတစ်စင်း ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်နိုင်ခဲ့ပါတယ်။

နော်ဝေးပိုင်နက်၊ အာတိတ်စက်ဝိုင်းမှာ တည်ရှိတဲ့ ဒုံးပျံစခန်းကနေ စက်တင်ဘာ ၅ ရက်နေ့မှာ Isar Aerospaceက ဒုံးပျံ လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ နိုင်ငံတကာ အာကာသ နည်းပညာ ပြိုင်ပွဲမှာ ဥရောပလည်း ပီပီပြင်ပြင် ပါဝင်လာနိုင်မယ့် ကနဦး ခြေလှမ်းအဖြစ် ယူဆမှုတွေ ရှိနေပါတယ်။

လူလိုက်ပါခြင်း မရှိတဲ့ Spectrum ဒုံးပျံဟာ ဥရောပတိုက်ကနေ အာကာသထဲထိ ပစ်လွှတ်နိုင်တဲ့ ပထမဆုံး စီးပွားဖြစ် ဒုံးပျံအနေနဲ့ မှတ်တမ်းဝင်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Isar Aerospaceဟာ ဂြိုဟ်တုတွေကို ဥရောပတိုက်ကနေ အာကာသထဲ လွှတ်တင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အာကာသထဲကို ရောက်ခဲ့ပြီဖြစ်ကြောင်း၊ ဥရောပအတွက် သမိုင်းသစ် တစ်ခုကို ဖန်တီးနိုင်ခဲ့ကြောင်း ကုမ္ပဏီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခု စွမ်းဆောင်မှုဟာ ဥရောပရဲ့ ဒုံးပျံလွှတ်တင်မှု စွမ်းဆောင်ရည်အတွက် ကြီးမားတဲ့ မှတ်တိုင်သစ်တစ်ခု ဖြစ်လာပြီး ဥရောပဟာ အာကာသဆီ ပိုမို လက်လှမ်းမီလာတော့မယ်လို့ နော်ဝေး စက်မှုနဲ့ စီးပွားရေး ဝန်ကြီး ဆစ်စလီ မားဆက်သ်က ပြောပါတယ်။

အန်ဒိုယာကနေ ဒုံးပျံနဲ့ ဂြိုဟ်တုတွေ လွှတ်တင်နိုင်စွမ်း ရှိလာတာဟာ အခုလိုမျိုး အရာရာ ခန့်မှန်းရ ခက်နေတဲ့ ကာလမျိုးမှာ နော်ဝေးနဲ့ ဥရောပရဲ့ လုံခြုံရေးကို အများကြီး မြှင့်တင်နိုင်စွမ်း ရှိလာစေမယ်လို့ သူက ပြောပါတယ်။

ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်ဟာ Isar Aerospaceရဲ့ နော်ဝေးအခြေစိုက် ဒုံးပျံစခန်းကို မတ်လတုန်းက သွားရောက် လည်ပတ် ကြည့်ရှုခဲ့ပါတယ်။ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီးနောက်ပိုင်း ကမ္ဘာ့အခင်းအကျင်းတွေ ပိုမို ပြောင်းလဲလာတဲ့နောက် ဥရောပဟာ ကာကွယ်ရေးနဲ့ လုံခြုံရေး ကဏ္ဍတွေမှာ ကိုယ်ပိုင်အစွမ်းအစနဲ့ ပိုမိုရပ်တည်နိုင်အောင် ကြိုးစားလာနေပါတယ်။

Isar Aerospaceဟာ ဒုတိယအကြိမ် လွှတ်တင်မှုမှာ ဒုံးပျံကို အာကာသထဲအရောက် အောင်အောင်မြင်မြင် ပို့ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၈ လတုန်းက ပထမအကြိမ် လွှတ်တင်မှုမှာတော့ ပျံတက်ပြီး မကြာခင်မှာပဲ ဒုံးပျံက မီးလောင်ပြီး ပင်လယ်ထဲ ပျက်ကျခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

အဲဒီတုန်းက ဒုံးပျံကို ဆုံးရှုံးခဲ့ရပေမယ့် အဖိုးတန် သိပ္ပံပညာရပ်ဆိုင်ရာ အချက်အလက်တွေ အများကြီး ရရှိခဲ့ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

Isar Aerospaceဟာ ပုဂ္ဂလိက ဒုံးပျံတွေ အဆင့်မြှင့်တင် ထုတ်လုပ်ဖို့အတွက် ဥရောပ အာကာသ အေဂျင်စီ (ESA)ဆီက ယူရို သန်း ၂၀၀ ရန်ပုံငွေ အထောက်အပံ့ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရရှိထားပါတယ်။ အဲဒီ ကုမ္ပဏီဟာ ကနေဒါ နိုင်ငံမှာလည်း ဒုံးပျံလွှတ်တင်ရေး စခန်းတစ်ခုကို စတင်တည်ဆောက်နေကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် စစ်ပွဲရဲ့ ဂယက်ကြောင့် ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ဒုံးခွင်းဒုံးတွေ စိုးရိမ်စရာ အဆင့်မျိုးထိ လျော့နည်းလာတာကို အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

မျိုးဆက်တစ်ခုအတွင်း တစ်ခါလောက်သာ ကြုံနိုင်တဲ့ အပြည့်အဝ နေကြတ်မှု ဖြစ်စဉ်ကို ဥရောပ နိုင်ငံနှစ်ခုကနေ တွေ့မြင်ခဲ့ရပါတယ်။

နိုင်ငံတကာ

တရုတ်ဂြိုဟ်တု တစ်စီးကို တင်ဆောင်သွားတဲ့ ဒုံးပျံကြီးဟာ လွှတ်တင်ပြီး တစ်မိနစ်ခွဲနီးပါး အကြာမှာပဲ အပြင်းအထန် ပေါက်ကွဲ ပျက်စီးသွားခဲ့ပါတယ်။

သတင်း

အာကာသထဲ လွှတ်တင်ပြီး နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်မယ့် ဒုံးပျံတစ်စီး ဆင်းသက်လာမှုကို တရုတ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ဖမ်းယူပြနိုင်ခဲ့ပါတယ်။