ဩစတြေးလျဟာ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့က လွှတ်တော်မှာ ထောက်ခံမဲ ၃၄ မဲ၊ ကန့်ကွက်မဲ ၁၉ မဲနဲ့ အတည်ပြုနိုင်ခဲ့တဲ့ ဥပဒေကြမ်းဟာ နောက်ထပ် ၁ နှစ်တာ အတောအတွင်းတော့ အသက်ဝင်လာဦးမှာ မဟုတ်ပါဘူး။ ဒီအတောအတွင်း လူမှုကွန်ရက် မီဒီယာ ကုမ္ပဏီတွေဟာ ဩစတြေးလျ လူငယ်တွေ လူမှုကွန်ရက် သုံးစွဲခွင့် မရှိအောင် ပိတ်ပင်တားဆီးတဲ့ အစီအမံတွေကို ရေးဆွဲရမှာဖြစ်ပြီး ဥပဒေ အသက်ဝင်ချိန်ထိ မလိုက်နာဘူးဆိုရင် ဩစတြေးလျ ဒေါ်လာ သန်း ၅၀ ထိ များပြားတဲ့ ဒဏ်ကြေးနဲ့ တွေ့ကြုံနိုင်ပါတယ်။ အခုပိတ်ပင်မှုမျိုးဟာ ကမ္ဘာပေါ်မှာ ပထမဆုံးလို့လည်း ဆိုနိုင်ပါတယ်။
ဝေဖန်မှုတချို့ ရှိပေမယ့်လည်း ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က အခု ဥပဒေပြုမှုဟာ ဩစတြေးလျ လူငယ် အရင်းအမြစ်တွေကို ကာကွယ်ဖို့ ကျိန်းသေပေါက် လိုအပ်တယ်လို့ ပြောကြားထားပြီး ကလေးမိဘတွေ ကြားမှာလည်း အများစုက ထောက်ခံပါတယ်။
ဝေဖန်သူတွေကတော့ အဲဒီဥပဒေ ဘယ်လိုဘယ်ပုံ အလုပ်လုပ်မှာလဲ ဆိုတာကို မေးခွန်းထုတ်နေသလို ကိုယ်ရေး အချက်အလက် ကာကွယ်မှုနဲ့ လူမှု ချိတ်ဆက်ရေး ကဏ္ဍတွေမှာ တိကျတဲ့ ဖြေရှင်းချက်တွေ မရှိသေးဘဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

Public Service Announcement
လက်ရှိ ပိတ်ပင်မှုဟာ ဥပဒေ စတင်အသက်ဝင်ပြီး နောက်ပိုင်း လူမှုကွန်ရက်ပေါ် ရောက်လာမယ့် လူငယ်တွေကိုသာ အဓိက ရည်ရွယ်ထားပြီး မိဘတွေရဲ့ လက်ခံ ခွင့်ပြုချက်နဲ့ ရှိရင်းစွဲ လူမှုကွန်ရက် အသုံးပြုနေတဲ့ လူငယ်တွေကိုလည်း တားမြစ်မှာ မဟုတ်ပါဘူး။
အယ်လ်ဘန်နိစ်က အစိုးရဟာ ဩစတြေးလျ ကလေးငယ်တွေအတွက် စစ်မှန်တဲ့ ကလေးဘဝကို ပေးအပ်ချင်ကြောင်း၊ ဒီအခြေအနေကို မိဘတွေ ကိုယ်တိုင်လည်း ထဲထဲဝင်ဝင် နားလည်ဖို့လိုကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဒီဥပဒေဟာ ဘယ်လို လူမှုကွန်ရက် မီဒီယာတွေကို လူငယ်တွေ အသုံးပြုခွင့် ပိတ်ပင်မလဲ ဆိုတာ တိတိကျကျ မသတ်မှတ်သေးပါဘူး။ ဆက်သွယ်ရေး ဝန်ကြီး မစ်ရှဲလ်ရိုလန်းကတော့ ဒီကိစ္စအတွက် နိုင်ငံရဲ့ အင်တာနက် ကြပ်မတ် စောင့်ကြည့်မှုဌာန eSafety ကော်မရှင်နဲ့ တိုင်ပင် ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပြီး SnapChat၊ TikTok၊ Facebook၊ Instagramနဲ့ Xတို့ အကျုံးဝင်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဂိမ်းနဲ့ messaging ဝန်ဆောင်မှု appတွေကတော့ လူငယ်တွေ သုံးစွဲခွင့်ကနေ ပိတ်ပင်ခံရမှာ မဟုတ်သလို YouTubeလည်း ကင်းလွတ်ခွင့်ရမယ်လို့ ယူဆရပါတယ်။ အဲဒီ ပိတ်ပင်မှုကို ထိထိရောက်ရောက် ကျင့်သုံးနိုင်ဖို့အတွက် အစိုးရဟာ အသက်အရွယ် စစ်ဆေး ကြပ်မတ်မှု နည်းပညာ တချို့ကို အသုံးချသွားမယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့လည်း ဒစ်ဂျစ်တယ် သုတေသီတွေကတော့ တကယ်တမ်း အဲဒီ ကန့်သတ်ချက်ကို ထိရောက်သေချာမှု ရှိအောင် အာမခံ တားဆီးပေးနိုင်တဲ့ နည်းပညာမျိုး မရှိဘူးလို့ သတိပေး ထောက်ပြထားပါတယ်။ နောက်ပြီး VPN appလိုမျိုး သုံးစွဲသူရဲ့ တည်နေရာ နိုင်ငံကို လှည့်စား ပြောင်းလဲနိုင်တဲ့ toolတွေကို သုံးပြီး အခု ကန့်သတ်ချက်ကို ကျော်လွှားနိုင်မယ်လို့လည်း ဆိုပါတယ်။
ဥပဒေထဲမှာ တားမြစ်ချက်ကို ချိုးဖောက်တဲ့ ကလေးတွေကို အရေးယူ အပြစ်ပေးမယ်လို့တော့ သတ်မှတ်ထားတာ မရှိကြောင်း သိရပါတယ်။
ကိုးကား: BBC


















































