အောက်တိုဘာ-၁၉၊၂၀၂၆။တေဇ/People’s Spring
စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှုတွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာအတွင်းမှာ ဖေ့စ်ဘွတ်ခ် နဲ့ Tik Tok မှာပို့စ် နဲ့ ဗီဒီယိုတွေ တင်ခဲ့တာကြောင့် ၇ ဦးရှိပြီး ဩဂုတ်အတွင်းမှာ ၉ ဦးရှိတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူအများစုက စစ်မှူထမ်းဥပဒေနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို ဝေဖန်တာ တိုင်ကြားတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement
NUG ၊CRPH တို့နဲ့ ပတ်သက်တဲ့ အကြောင်းပြချက်နဲ့ ၆ဦး ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ လူမှူကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တယ်လို့ စွပ်စွဲအမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အသံအဖွဲ့ရဲ့ စစ်တမ်းတွေအရ စက်တင်ဘာနဲ့ ဩဂုတ်တွေက လူမှုကွန်ရက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုတာကြောင့် ဖမ်းဆီးခံရမှု အများဆုံးလတွေဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။


















































