Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အနောက်ဖက် ကမ်းခြေဒေသ၊ ပါလက်စတိုင်း ဒုက္ခသည် စခန်းထဲက အဆောက်အအုံတွေကို အစ္စရေး ဖောက်ခွဲ

ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသထဲက ဒုက္ခသည် စခန်းတစ်ခုမှာ အစ္စရေး စစ်တပ်က အဆောက်အအုံတွေကို ဖောက်ခွဲ ဖျက်ဆီးနေခဲ့ပါတယ်။

ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသထဲက ဒုက္ခသည် စခန်းတစ်ခုမှာ အစ္စရေး စစ်တပ်က အဆောက်အအုံတွေကို ဖောက်ခွဲ ဖျက်ဆီးနေခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့တုန်းက အစ္စရေး ထိန်းချုပ်ထားရာ အနောက်ဖက် ကမ်းခြေဒေသမှာရှိတဲ့ ဂျီနင်မြို့ထဲက ဒုက္ခသည် စခန်းတွေထဲမှာ ဖောက်ခွဲတဲ့ အသံတွေကို ဆူဆူညံညံ ကြားနေခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပါလက်စတိုင်း မီဒီယာတွေကတော့ အစ္စရေး စစ်သားတွေဟာ အနည်းဆုံး အဆောက်အအုံ ၂၀ လောက်ကို ဖြိုချခဲ့တယ်လို့ ပြောပါတယ်။

ဂျီနင် ဒုက္ခသည် စခန်းဟာ အရမ်းလူနေထူထပ်တဲ့ ဧရိယာ တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အစ္စရေး စစ်တပ်က စခန်းထဲ ဝင်ရောက်စီးနင်းခဲ့ချိန် ကတည်းက ပါလက်စတိုင်း အများစုကို အတင်းအကျပ် ရွှေ့ပြောင်းဖို့ အမိန့်ပေးထားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ကတော့ ဒုက္ခသည် စခန်းမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရပြီး မည်းနက်တဲ့ မီးခိုးလုံးကြီးတွေ ထိုးတက်လာခဲ့တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဟာ ဂျီနင် ဒုက္ခသည် စခန်းထဲမှာ စစ်သွေးကြွ အကြမ်းဖက်သမားတွေ မခိုအောင်းနိုင်စေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြီးစား စစ်ဆင်ရေးအဆင့် စီးနင်းရှင်းလင်းမှုတွေ လုပ်ဆောင်နေခဲ့တာ အခုဆိုရင် နှစ်ပတ်လောက် ကြာမြင့်ခဲ့ပြီးပါပြီ။

ပါလက်စတိုင်း သမ္မတ မာမွတ် အဘက်စ်ကတော့ အစ္စရေးအပေါ် ဩဇာ လွှမ်းမိုးမှုရှိတဲ့ မဟာမိတ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အနောက်ဖက် ကမ်းခြေဒေသက အစ္စရေးရဲ့ လွန်ကဲတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့လည်း အစ္စရေးက ပါလက်စတိုင်း ပြည်သူတွေအပေါ် ရန်လို ဖိနှိပ်နေတာတွေကို ကြားဝင် တားမြစ်ပေးဖို့ အဘက်စ်က တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးစစ်တပ် (IDF)ကတော့ အနောက်ဖက် ကမ်းခြေဒေသရဲ့ မြောက်ပိုင်း နယ်မြေတွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ လက်နက်တွေ သိုမှီထားတဲ့ နေရာတွေ၊ ဓာတ်ခွဲခန်းတွေ၊ ကင်းမျှော်စင်ဆန်ဆန် တည်ဆောက်ထားတဲ့ အဆောက်အအုံတွေကို စစ်ဆေး တွေ့ရှိခဲ့ပြီး စုစုပေါင်း အဆောက်အအုံ ၂၃ ခုကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ IDFဟာ သိမ်းဆည်းရမိထားတဲ့ စစ်လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေကို ထုတ်ဖော် ပြသခဲ့ပေမယ့် ဂျီနင်မှာ ရှာတွေ့ခဲ့တာတွေလား ဆိုတာကိုတော့ တိတိကျကျ ထုတ်မပြောခဲ့ပါဘူး။

၁၉၄၈ ခုနှစ်၊ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ပါလက်စတိုင်းတွေရဲ့ နောင်လာနောက်သားတွေ အများအပြားဟာ ဂျီနင် ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဲဒီ ဒုက္ခသည် စခန်းဟာ IDF အာရုံအစိုက်ဆုံး နယ်မြေတစ်ခု ဖြစ်ခဲ့သလို မကြာခဏ ဝင်ရောက် စီးနင်း ရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အစ္စရေးဟာ တခြား ပါလက်စတိုင်း နယ်မြေ တစ်ခုဖြစ်တဲ့ ဂါဇာ ကမ်းမြှောင်ဒေသမှာ ဟားမားစ် ပြောက်ကျားအဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပေမယ့် အနောက်ဖက် ကမ်းခြေ ဒေသထဲမှာ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်တင်လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကြိုတင် ကတိထားရှိတဲ့ သုံ့ပန်းလဲလှယ်ရေးကိစ္စက စီစဉ်ထားတဲ့နေ့မှာ အထမမြောက်ဘူးဆိုရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်ပြီလို့ သတ်မှတ်မှာဖြစ်ကြောင်း အစ္စရေးက ဟားမားစ် ပြောက်ကျားတွေကို ခြိမ်းခြောက် သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေးရဲ့ အစိတ်အပိုင်းအဖြစ် သုံ့ပန်းတွေ အလဲအလှယ် လုပ်တာကို ဆိုင်းငံ့ထားမယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် ဟားမားစ် ပြောက်ကျားတွေဟာ အစ္စရေးနဲ့ ထိုင်းနိုင်ငံသား ဓားစာခံ ၈ ဦးကို ထပ်ပြီး လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဟားမားစ်တွေ လွှတ်ပေးဖို့ သဘောတူထားတဲ့ ဓားစာခံတွေထဲက ၈ ယောက်ဟာ သေဆုံးသွားခဲ့ပြီးသား ဖြစ်တယ်ဆိုတာ သတင်းရရှိခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။