အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့မယ့် အထူးအမိန့် တစ်ရပ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
ICCရဲ့ ရပ်တည်မှုတွေဟာ တရားမဝင်ကြောင်း ထရမ့်က ဝေဖန်ခဲ့သလို အဲဒီ ခုံရုံးဟာ အမေရိကန်နဲ့ မဟာမိတ် အစ္စရေးအပေါ် မမျှတတဲ့၊ အခြေအမြစ် ကင်းမဲ့တဲ့ လုပ်ရပ်မျိုးတွေနဲ့ ထိုးနှက်ဖို့ အားထုတ်နေကြောင်း စွပ်စွဲသွားပါတယ်။
ထရမ့် လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်အရ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ နိုင်ငံသားတွေအပေါ် စွပ်စွဲချက်တွေအတွက် ICCမှာ ကြားနာ စစ်ဆေးနေတဲ့ လူပုဂ္ဂိုလ်တွေ၊ သူတို့ရဲ့ မိသားစုတွေကို အမေရိကန် ပြည်ဝင်ခွင့်နဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကနေ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဝါရှင်တန်ဒီစီကို လာရောက်ပြီး ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့နောက် ထရမ့်က အခုအမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။ မနှစ်က နိုဝင်ဘာလတုန်းက ICCဟာ ဂါဇာကမ်းမြှောင်ဒေသအတွင်း အစ္စရေးက ကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး နေတန်ညာဟုကို ဝရမ်းထုတ်ထားခဲ့ပါတယ်။ ICCဟာ ဟားမားစ်ပြောက်ကျားအဖွဲ့ ခေါင်းဆောင်ကိုလည်း မိုဟာမက် ဒိယက်ဖ်နဲ့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအက်ဗ် ဂဲလန့်တို့ကိုလည်း အလားတူ ဝရမ်းထုတ်ခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့လည်း ဒိယက်ဖ်ကတော့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်းမှာ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ အစ္စရေး အစိုးရကတော့ ICCရဲ့ ဖမ်းဝရမ်းကို တူးတူးခါးခါး ကန့်ကွက်ခဲ့ပြီး အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ ကြိုးစားရပ်တည်နေတဲ့ အစ္စရေးအပေါ် ICCရဲ့ ပစ်မှတ်ထား နှိပ်ကွပ်မှုလို့ တုံ့ပြန် စွပ်စွဲထားပါတယ်။
ICCဟာ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို စွပ်စွဲချက်မျိုးတွေကို ကိုင်တွယ်ဖို့ ရည်ရွယ် ဖွဲ့စည်းထားတာပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ICCဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကိုလည်း ဖမ်းဝရမ်း ထုတ်ခဲ့ဖူးပါတယ်။
ICCမှာ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၂၀ ကျော်ရှိပြီး အစ္စရေးနဲ့ အမေရိကန်တို့တော့ မပါဝင်ပါဘူး။ ICCကို အိမ်ရှင်အဖြစ် လက်ခံထားတဲ့ နယ်သာလန် အစိုးရကတော့ ထရမ့်ရဲ့ အရေးယူ ပိတ်ဆို့မှု အမိန့်အတွက် စိတ်ပျက်မိကြောင်း မှတ်ချက် ပေးထားပါတယ်။
ကျူးလွန်ထားတဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရမှုတွေကို တုံ့ပြန် တိုက်ခိုက်ဖို့ ICCရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးတယ်လို့ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး ကက်စ်ပါ ဗဲလ်ဒ်ကမ့်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
တစ်ဖက်မှာတော့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ဂီဒီယွန် ဆားက ထရမ့်ရဲ့ အထူးအမိန့်အတွက် ဝမ်းမြောက်ဝမ်းသာ ထောက်ခံ ကြိုဆိုကြောင်း Xကနေတဆင့် သဘောထား မှတ်ချက်ပေး ထုတ်ပြန်သွားခဲ့ပါတယ်။ သူက ICCဟာ အကျင့်ပျက် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွေနဲ့ လိုက်လျောညီထွေ လည်ပတ်နေတာ မဟုတ်ဘူးလို့ စွပ်စွဲသွားခဲ့ပါတယ်။
ကိုးကား: BBC
