စက်တင်ဘာ – ၂၃ ၊၂၀၂၆
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့တုန်းက နယူးယောက်မှာရှိတဲ့ UN ဌာနချုပ်မှာ မိနစ် ၄၀ နီးပါး မိန့်ခွန်းပြောခဲ့ချိန်မှာ ထရမ့်က ICCကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်ပြီး အဖွဲ့ဝင် နိုင်ငံအားလုံးလည်း ချက်ချင်း နုတ်ထွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ICCဆိုတာဟာ ထိန်းမနိုင်သိမ်းမရ ဆိုးသွမ်းအဖွဲ့အစည်းမျိုး ဖြစ်လာနေပြီး ဆိုးယုတ်သူတွေချည်း စုထားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Public Service Announcement
ICCက ထရမ့်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဂါဇာကမ်းမြှောင် ဒေသမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်း ထုတ်ခဲ့ချိန်ကစလို့ ထရမ့်ဟာ ICCအပေါ် အထူးခါးသီးလာခဲ့တာ ဖြစ်ပါတယ်။
UN အထွေထွေ ညီလာခံ မတိုင်ခင် ရက်ပိုင်းအလိုမှာတော့ ထရမ့်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက အမေရိကန် အစိုးရဟာ ICCကို တစ်ဆင့်ချင်း ဖြိုချဖို့ပါ စီစဉ်နေတယ်လို့ အတိအလင်း ထုတ်ပြောဖူးပါတယ်။
ICC အဖွဲ့ဝင် နိုင်ငံတွေအားလုံး အဲဒီ ဆိုးယုတ်လှတဲ့ အစုအဖွဲ့ဆီကနေ ချက်ချင်း နုတ်ထွက်ကြဖို့ သူတောင်းဆိုချင်တယ်လို့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေ ရှေ့မှောက်မှာ ထရမ့်က ပြောကြားခဲ့ပါတယ်။ နောက်ပြီး အမေရိကန် ဆန့်ကျင်ရေးဝါဒီ ခုံရုံးတစ်ခုက အမေရိကန် စစ်မှုထမ်းတွေကို စုံစမ်းစစ်ဆေးတာမျိုး ကိစ္စတွေကိုလည်း သူလုံးဝ အဖြစ်ခံမှာ မဟုတ်ဘူးလို့ ထရမ့်က ဆိုပါတယ်။
ထရမ့်နဲ့ ICCကြားက ပြဿနာတွေဟာ သူပထမအကြိမ် အမေရိကန် သမ္မတအဖြစ် တာဝန်ယူနေတဲ့ ၂၀၂၀ ပြည့်နှစ်မှာ စတင်ခဲ့ပြီး နေတန်ညာဟုကို ဖမ်းဝရမ်း ထုတ်တဲ့အခါ ပိုဆိုးသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက ICCဟာ အာဖဂန် နစ္စတန် စစ်ပွဲအတွင်း အမေရိကန် စစ်သည်တွေနဲ့ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA)က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ စီစဉ်ခဲ့တာကို ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်ခဲ့သလို ICC အဆင့်မြင့် အရာရှိ တချို့အပေါ် အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့ပါတယ်။
ကိုးကား – Independent



















































