သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် ဝန်ဆောင်မှု ကုမ္ပဏီ X ဟာ ကြီးမားတဲ့ ဆိုက်ဘာတိုက်ခိုက်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ကြောင်း အီလွန်မတ်စ်ခ်က အတည်ပြုခဲ့ပါတယ်။
အရင်က Twitterအဖြစ် ရှိခဲ့ရာက မတ်စ်ခ်ရဲ့ သိမ်းပိုက် ဝယ်ယူမှုအပြီး နာမည်ပြောင်းခဲ့တဲ့ Xကို ပုံမှန် သုံးစွဲသူတွေဟာ မတ်လ ၁၀ ရက်နေ့ မနက်အစောပိုင်းကစလို့ အဆင်မပြေမှုတွေ ကြုံလာခဲ့ရပါတယ်။ အာရှ၊ ဥရောပနဲ့ မြောက်အမေရိကတို့ အပါအဝင် ကမ္ဘာအနှံ့က သုံးစွဲသူတွေဟာ Xကို ချိတ်ဆက်လို့ မရဘဲ ဖြစ်နေခဲ့ကြောင်း အသီးသီး စောဒက တက်ခဲ့ကြပါတယ်။
အဲဒီနောက် မတ်စ်ခ်က Xဟာ အတိုင်းအတာ ကြီးမားတဲ့ ဆိုက်ဘာ တိုက်ခိုက်မှု တစ်ခုကို ကြုံတွေ့ခဲ့တာ ဖြစ်တယ်လို့ ကြေညာခဲ့တာပါ။ မတ်လ ၁၀ ရက်နေ့မှာတော့ Xဟာ သုံးစွဲလို့ ရတစ်ချက်၊ မရတစ်ချက် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ အခုကိစ္စဟာ ဆိုက်ဘာတိုက်ခိုက်မှုကြောင့်လို့ မတ်စ်ခ်က စွပ်စွဲပေမယ့် တိကျတဲ့ အထောက်အထားမျိုးတော့ ထုတ်မပြခဲ့ပါဘူး။
မတ်စ်ခ်ဟာ အမေရိကန် အစိုးရ ဝန်ထမ်းတွေ အများအပြားကို ထုတ်ပယ်ပြီး ဝန်ထမ်းအင်အား လျှော့ချနေတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေကို လက်တွေ့ ကြီးမှူး အကောင်အထည် ဖော်နေပြီး အဲဒီအခြေအနေက သူ့အပေါ် ခါးသီးတဲ့ အမြင်တွေကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ Xကို ပစ်မှတ်ထားခဲ့တဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ဆိုတာဟာ အဲဒီ နောက်ခံ အခြေအနေနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

Public Service Announcement
မတ်စ်ကတော့ ဒီကိစ္စဟာ သူ့ကို အငြှိုးထားတဲ့ တိုက်ခိုက်မှု တစ်ခုဆိုတဲ့ သဘောမျိုး မှတ်ချက်ပေးထားသလို အဲဒီကိစ္စမျိုးကို လုပ်ဆောင်ဖို့ အင်မတန် ကြီးမားတဲ့ အရင်းအမြစ် လိုအပ်မှာ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နောက်ကွယ်မှာ နိုင်ငံတစ်ခုခု၊ ဒါမှမဟုတ် ဧရာမ အဖွဲ့အစည်းကြီး တစ်ခုခု ရှိနိုင်ကြောင်း စွပ်စွဲသွားပါတယ်။
မတ်စ်ခ်ဟာ ၂၀၂၂ ခုနှစ်တုန်းက Twitterကို လက်လွှဲဝယ်ယူပြီးတဲ့ အချိန်မှာလည်း ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ပစ်ခဲ့ဖူးပြီး အဲဒီအတွက် အကျိုးဆက် အနေနဲ့ လူမှုကွန်ရက် ပလက်ဖောင်းရဲ့ လုံခြုံရေးနဲ့ တည်တည်ငြိမ်ငြိမ် လုပ်ငန်းလည်ပတ်မှု စွမ်းရည်တွေ ထိခိုက်နိုင်ခြေအပေါ် စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။
မတ်စ်ခ်ပိုင်ဆိုင်တဲ့ နောက်ထပ် စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Telsa လျှပ်စစ်ကား ကုမ္ပဏီက ထုတ်လုပ်တဲ့ မော်တော်ကားတွေ၊ ဓာတ်အားသွင်း စင်တာတွေဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ တချို့မှာ ပစ်မှတ်ထား တိုက်ခိုက်မှု၊ ဖျက်ဆီးမှုတွေ ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AFP
