Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ်စူပါမားကက်တွေရဲ့ရေခဲသေတ္တာတွေဆိုက်ဘာတိုက်ခိုက်မှုခံရပြီးအစားအသောက်တွေပျက်စီး

ပြင်သစ်နိုင်ငံက စူပါမားကက်နဲ့ အရောင်းဆိုင် ရာဂဏန်းလောက်မှာ ရေခဲသေတ္တာတွေနဲ့ အအေးပေး စနစ်တွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အောက်တိုဘာ – ၁၃ ၊၂၀၂၆

ပြင်သစ်နိုင်ငံက စူပါမားကက်နဲ့ အရောင်းဆိုင် ရာဂဏန်းလောက်မှာ ရေခဲသေတ္တာတွေနဲ့ အအေးပေး စနစ်တွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ကြုံတွေ့ခဲ့ပါတယ်။

ဟက်ကာတွေဟာ ပြင်သစ် စူပါမားကက်တွေရဲ့ ရေခဲသေတ္တာတွေနဲ့ အအေးပေးစနစ်တွေ အပူချိန်ကို စောင့်ကြည့် ထိန်းညှိတဲ့ software စနစ်ကို ထိုးဖောက် ထိန်းချုပ်သွားနိုင်ခဲ့ပြီး အပူချိန်တွေကို မြှင့်တင်ထားခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းတုန်းက ပြင်သစ်နိုင်ငံအနှံ့က စူပါမားကက်နဲ့ စျေးဝယ်စင်တာ ၄၀၀ ကျော်လောက်ဆီက ရေခဲသေတ္တာတွေမှာ အဲဒီအခြေအနေ ကြုံတွေ့ခဲ့ပြီး အစားအသောက်တွေ သိုးကုန်တာ၊ ပျက်စီးကုန်တာတွေ ဖြစ်ခဲ့ပါတယ်။ တချို့ ရေခဲသေတ္တာတွေဟာ အပူချိန် ၅၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ တိုးမြှင့် ခံထားခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရေခဲသေတ္တာတွေထဲမှာ ထိန်းသိမ်းထားတဲ့ အစားအသောက်တွေရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ယူရိုငွေ သန်းနဲ့ချီ များပြားနိုင်တယ်လို့လည်း သိရပါတယ်။ ရေခဲသေတ္တာတွေရဲ့ အပူချိန်တွေ တိုးကုန်တာကြောင့် လတ်လတ်ဆတ်ဆတ် သိုလှောင်ထားတဲ့ အစားအစာတွေ၊ အေးခဲထားရတဲ့ အစားအစာတွေ အကုန်လုံး အရည်ပျော် ပျက်စီးကုန်ပါတယ်။

ပြင်သစ်ရဲ့ အကြီးစား လက်လီ အရောင်းဆိုင်ကြီးတွေဖြစ်တဲ့ Carrefour၊ Monoprixနဲ့ E.Leclercတို့လည်း အဲဒီ ဆိုက်ဘာ တိုက်ခိုက်မှုတွေကို ကြုံခဲ့ရပါတယ်။ ဟက်ကာတွေဟာ ဒိန်းမတ် ကုမ္ပဏီ Danfossက ရေးဆွဲထုတ်လုပ်ပြီး ရေခဲသေတ္တာတွေရဲ့ အပူချိန်ကို စောင့်ကြည့်ထိန်းညှိတဲ့ software တစ်ခုကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ပုံမှန် အခြေအနေမှာတော့ ညအိပ်ထားရတဲ့ အချိန်တွေဆိုရင် ရေခဲသေတ္တာတွေရဲ့ လည်ပတ်မှုကို ကန့်သတ်ထားလို့ အပူချိန် နည်းနည်းလေး ပြန်တက်လေ့ ရှိပေမယ့် အစားအသောက်တွေ ရေရှည်ခံအောင်တော့ ထိန်းညှိထားပါတယ်။ ဒါပေမဲ့ ဟက်ကာတွေက အပူချိန်ကို အများကြီး မြှင့်ထားလိုက်တာကြောင့် အပျက်အစီးတွေ ဖြစ်ကုန်တာပါ။

Danfossကတော့ အခုလိုမျိုး ရေခဲသေတ္တာတွေ ဆိုက်ဘာတိုက်ခိုက်မှု ကြုံတွေ့ပြီး အပူချိန် မြင့်တက်ကုန်တာနဲ့ ပတ်သက်လို့ အသေးစိတ် ဖြေရှင်းတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ စနစ်နဲ့ ပတ်သက်လို့ ပုံမှန် updateလုပ်ဖို့ ဖောက်သည် လုပ်ငန်း အသီးသီးကို ကြိုတင် သတိပေးထားခဲ့ဖူးကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ရေခဲသေတ္တာတွေကို ဆိုက်ဘာတိုက်ခိုက်မှုရဲ့ အတိုင်းအတာ ပမာဏ ဘယ်လောက် ကြီးမားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ စူပါမားကက်နဲ့ အရောင်းဆိုင်ပေါင်း ၄၀၀ ကျော်က ရေခဲသေတ္တာနဲ့ အအေးခန်းသေတ္တာ စုစုပေါင်း ၁၅,၀၀၀ လောက် သက်ရောက် ထိခိုက်ခဲ့တယ်လို့ ယူဆရပါတယ်။

ဥရောပ စားနပ်ရိက္ခာ ကော်မရှင် အကြီးအကဲ ခရစ္စတိုဖာ ဟန်ဆန်က အခုဆိုက်ဘာ တိုက်ခိုက်မှုကို လူမှုကွန်ရက် မီဒီယာ Xမှာ ရှုတ်ချခဲ့ပြီး အစားအသောက်ကို လက်နက်အဖြစ် အသုံးချမှုဆိုတာ တကယ့် လက်တွေ့ အရှိတရားတစ်ခု ဖြစ်လာတဲ့အတွက် စားနပ်ရိက္ခာ ဖူလုံရေး လုံခြုံမှု အစီအမံတွေ ပိုမို အရေးကြီးလာပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပြင်သစ် ရှေ့နေချုပ်ရုံးကတော့ ဒီဖြစ်စဉ်ကို အကြီးစား ဆိုက်ဘာ ရာဇဝတ်မှု တစ်ခုအဖြစ် သတ်မှတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက စူပါမားကက်တစ်ခုမှာ ဓားကိုင်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကျောင်းအုပ်နဲ့ ဆရာမတစ်ဦးကို ပစ်ခတ်ခဲ့မှုအတွက် ပြင်သစ်မှာ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးကို ရဲတွေက ဖမ်းဆီးထားပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက ကျောင်းသား ဆန္ဒပြပွဲတွေအတွင်း အဓိကရုဏ်း နှိမ်နင်းရေး လက်ပစ်ဗုံးကို ကောက်ကိုင်ဖို့ ကြိုးစားသူ ဆယ်ကျော်သက် လူငယ်တစ်ဦး လက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေက အခြေအနေ ပိုမိုဆိုးရွား ပြင်းထန်လာပြီး အောက်တိုဘာ ၂ ရက်နေ့မှာတော့ ကျောင်းတချို့မှာ မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Facebook