Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ Tesla လျှပ်စစ်ကားတွေ ခင်းကျင်းပြသခွင့် ပေးခဲ့တဲ့ ထရမ့်

သူ့ရဲ့ မိတ်ဆွေ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ လျှပ်စစ်ကား ကုမ္ပဏီ Teslaရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းလာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ဖြူတော်မှာ Tesla ကားတွေကို ခင်းကျင်း ပြသစေခဲ့ပါတယ်။

သူ့ရဲ့ မိတ်ဆွေ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ လျှပ်စစ်ကား ကုမ္ပဏီ Teslaရဲ့ ရှယ်ယာတန်ဖိုးတွေ ကျဆင်းလာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အိမ်ဖြူတော်မှာ Tesla ကားတွေကို ခင်းကျင်း ပြသစေခဲ့ပါတယ်။

ထရမ့်က သူဟာ မတ်စ်ခ်ရဲ့ ကုမ္ပဏီက ထုတ်လုပ်တဲ့ ကားတွေထဲက တစ်စီးကို ဝယ်ယူထားကြောင်း ပြောကြားခဲ့သလို မတ်စ်ခ်ကို ဦးတည်ပြီး ဆန္ဒပြနေတဲ့ သူတွေကိုလည်း ခြိမ်းခြောက်သွားခဲ့ပါတယ်။ မတ်စ်ခ်ဟာ အမေရိကန် အစိုးရရဲ့ အသုံးစရိတ် လျှော့ချရေး အစီအမံတွေကို ဦးဆောင် ကိုင်တွယ်နေပြီး အဲဒီအတွက်လည်း ဝန်ထမ်းအင်အား အများကြီးကို လျှော့ချခဲ့ပါတယ်။ အကျိုးဆက်အဖြစ် မတ်စ်ခ်အပေါ် ခါးခါးသီးသီး ဆန့်ကျင် ဆန္ဒပြမှုတွေ၊ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း ထရမ့်ဦးဆောင်တဲ့ အမေရိကန် အစိုးရရဲ့ မတည်ငြိမ်တဲ့ ကုန်သွယ်ရေး မူဝါဒတွေကြောင့် တခြားလုပ်ငန်းစုကြီးတွေနည်းတူ ရှယ်ယာတန်ဖိုး ကျဆင်းမှုတွေဒဏ်ကို Teslaလည်း ခံစားနေရပါတယ်။

လတ်တလော အခြေအနေတွေက အားရစရာ မဟုတ်ပေမယ့် မတ်စ်ခ်ကတော့ Tesla ကားမော်ဒယ်တွေ ထုတ်လုပ် ရောင်းချမှုကို လာမယ့် ၂ နှစ်အတွင်း အမေရိကန်မှာ ၂ ဆတိုးဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

မတ်စ်ခ်က လက်ရှိ ကြုံနေရတဲ့ အခြေအနေတွေအပေါ် သူသဘောမကျဘူးဆိုတာ မတ်စ်ခ်ကို ပြောခဲ့ကြောင်း၊ Teslaဟာ ထူးခြားကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခုဆိုတာ သူသဘောပေါက်ကြောင်း ထရမ့်က အိမ်ဖြူတော် ရှေ့မှာ မတ်စ်ခ်နဲ့အတူ တွဲရပ်ရင်း သတင်းထောက်တွေကို ပြောပါတယ်။ မတ်စ်ခ်ဟာ ရွေးကောက်ပွဲကြိုကာလ မဲဆွယ်မှုတွေမှာ ထရမ့်ကို ရန်ပုံငွေ အများဆုံး ထောက်ပံ့ခဲ့သူလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မတ်စ်ခ်က အစိုးရ အသုံးစရိတ်တွေ လျှော့ချဖို့ ဝန်ထမ်းတွေကို အလုပ်ထုတ်ပစ်နေတဲ့ ကိစ္စဟာ အမေရိကန်မှာ အတော်လေး ဂယက်ထနေပြီး အဲဒီကိစ္စက Tesla ကုမ္ပဏီကိုလည်း ရိုက်ခတ်ခဲ့ပါတယ်။ ထရမ့်ရဲ့ ဥရောပအပေါ် ရန်လိုလာတဲ့ နိုင်ငံခြားရေး မူဝါဒကြောင့်လည်း ဥရောပမှာ Tesla ရောင်းအားက ကျဆင်းလာပါတယ်။

နောက်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံ တချို့မှာ Tesla ကားတွေ၊ ဓာတ်အားသွင်း စင်တာတွေနဲ့ တခြား ကုမ္ပဏီပိုင် ပစ္စည်းတွေကို ပစ်မှတ်ထား ဖျက်ဆီးတာ၊ မီးရှို့တာမျိုးတွေ ကြုံလာရပါတယ်။ လက်ရှိ Teslaကား ဝယ်စီးနေသူတွေ တချို့ကတောင် သူတို့ရဲ့ ကားတွေမှာ ‘ဒီကားကို အီလွန်မတ်စ်ခ် ရူးမသွားခင်တုန်းက ဝယ်ထားမိတာ’ဆိုတဲ့ စတစ်ကာ စာသားတွေကို ကပ်လာခဲ့ကြပါတယ်။

ထရမ့်က အဲဒီလို ဖျက်လိုဖျက်ဆီး ပြုမူတဲ့ ဆန္ဒပြမှုတွေကို တုံ့ပြန် ဖြိုခွင်းပစ်မယ်လို့ သတိပေးခဲ့ပြီး သတင်းထောက် တစ်ယောက်က ဆန္ဒပြသူတွေကို ပြည်တွင်း အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်သင့်သလားလို့ မေးတဲ့အခါ ထရမ့်က သူဟာ အဲဒီလို လုပ်နိုင်တယ်လို့ ပြန်ဖြေသွားပါတယ်။

Teslaပဲဖြစ်ဖြစ်၊ တခြားကုမ္ပဏီတွေကိုပဲဖြစ်ဖြစ် ဒါမျိုးလုပ်တဲ့ သူတွေကို လိုက်ဖမ်းပြီး ငရဲနဲ့ ကြုံသလို ဖြစ်သွားစေမယ်လို့ ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

မတ်စ်ခ်ကတော့ သူဟာ ထရမ့်ရဲ့ ထူးကဲတဲ့ မူဝါဒတွေအတွက် ကျေးဇူးတင်ကြောင်း၊ အမေရိကန်အပေါ် ယုံကြည်မှု ပြသတဲ့ အနေနဲ့ ပြည်တွင်း ကားထုတ်လုပ်မှုကို ၂ နှစ်အတွင်း ၂ ဆတိုးဖို့ ရည်ရွယ်ထားကြောင်း ပြောကြားသွားပါတယ်။

Tesla ကားတွေကို အိမ်ဖြူတော်ရှေ့မှာ ပြသစေခဲ့တဲ့ ထရမ့်ရဲ့ လုပ်ရပ်က လူမှုကွန်ရက်တွေပေါ်မှာတော့ ရယ်ပွဲဖွဲ့စရာ ဖြစ်နေခဲ့ပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ စကားများခဲ့ချိန်တုန်းက ဇီလန်စကီးဟာ အိမ်ဖြူတော်အပေါ် လေးစားမှု ကင်းမဲ့တယ်လို့ ထရမ့်က စွပ်စွဲခဲ့ကြောင်း၊ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ အိမ်ဖြူတော်ကို ကားအရောင်းပြခန်းအဖြစ် ပြောင်းလဲလိုက်ကြောင်း တချို့က သရော်ရေးသားခဲ့ကြပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးဖို့ ကောင်းမွန်ပြီး အပြုသဘောဆန်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်နိုင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့က အသီးသီး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့် မျှော်လင့်ထားသလို ရက်ပေါင်း ၃၀ အလုံးစုံ အပစ်အခတ် ရပ်စဲရေး အဆင့်ကိုတော့ ပူတင်က...

နိုင်ငံတကာ

အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အင်စတီကျု (USIP) ဌာနချုပ်ထဲကို အီလွန်မတ်စ်ခ် အဓိက ထိန်းချုပ်နေတဲ့ အစိုးရ လုပ်ငန်းစဉ် ထိရောက်ရေးဌာန(DOGE) အရာရှိတွေကဝင်ရောက်ထိန်းချုပ်ခဲ့ပါတယ်။