Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယနဲ့ စစ်ရေးပဋိပက္ခမှာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေကို ပါကစ္စတန် သုံးခွင့်မရှိဘူးလို့ဆို

ပါကစ္စတန် လေတပ်ဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပေမယ့် အိန္ဒိယနဲ့ လက်ရှိ စစ်ရေး ပဋိပက္ခမှာ အဲဒီလေယာဉ်တွေကို သုံးစွဲခွင့် မရှိဘူးလို့ သိရပါတယ်။

ပါကစ္စတန် လေတပ်ဟာ အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပေမယ့် အိန္ဒိယနဲ့ လက်ရှိ စစ်ရေး ပဋိပက္ခမှာ အဲဒီလေယာဉ်တွေကို သုံးစွဲခွင့် မရှိဘူးလို့ သိရပါတယ်။

မေလ ၇ ရက်နေ့က အိန္ဒိယဟာ ပါကစ္စတန် ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသအပြင် ပါကစ္စတန် ပိုင်နက်ထဲက ပစ်မှတ်နေရာ ၉ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဆင်ဒူးစစ်ဆင်ရေးလို့ အိန္ဒိယက နာမည်ပေးထားတဲ့ စစ်ရေး လှုပ်ရှားမှုဟာ အာရှတောင်ပိုင်းက အိမ်နီးချင်း နှစ်နိုင်ငံကြား လေတပ် တိုက်လေယာဉ်တွေ ဝေဟင်စီးချင်းထိုးတဲ့ အခြေအနေဆီ ဦးတည်စေခဲ့ပါတယ်။

အဲဒီ လေကြောင်းစစ်ပွဲမှာ နှစ်နိုင်ငံ တိုက်လေယာဉ်တွေဟာ နယ်စပ်ဖြတ်ကျော်တာမျိုး မဟုတ်ဘဲ သက်ဆိုင်ရာ လေပိုင်နက်တွေကနေ ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့ကြတာပါ။ အဲဒီ တိုက်ပွဲမှာ အိန္ဒိယ လေတပ်ရဲ့ ပြင်သစ်နိုင်ငံလုပ် နာမည်ကျော် Rafale ၃ စီး၊ ရုရှားလုပ် MiG-29 နဲ့ SU-30 ၁ စီးစီ၊ စုစုပေါင်း တိုက်လေယာဉ် ၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ကြွေးကြော်ခဲ့ပါတယ်။

အိန္ဒိယကတော့ တိုက်လေယာဉ်တွေ ဆုံးရှုံးတယ် ဆိုတာကို အတည်မပြုသေးပါဘူး။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အိန္ဒိယ တိုက်လေယာဉ် တချို့ဟာ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဖက်ခြမ်းမှာ ပျက်ကျခဲ့ကြောင်း အထောက်အထားတွေ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပါကစ္စတန် စစ်တပ်က အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချရာမှာ တရုတ်ဆီက ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေနဲ့ တရုတ် ဝေဟင်ပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ တကယ်သာ မှန်ကန်တယ် ဆိုရင်တော့ တရုတ်လုပ် တိုက်လေယာဉ်တွေဟာ သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် ရန်သူ လေယာဉ်တွေကို ပစ်ချနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်လာမှာပါ။

ဒီအခြေအနေမှာ မေးခွန်းထုတ်လာတာ တချို့က ပါကစ္စတန်ဟာ မဟာမိတ် အမေရိကန်ဆီကနေ F-16 အပေါ့စား ဘက်စုံသုံး တိုက်လေယာဉ် ၇၅ စီး ဝယ်ယူထားပြီး အဲဒီ လေယာဉ်တွေကိုရော အိန္ဒိယရဲ့ စစ်ဆင်ရေးကို တန်ပြန်ဖို့ ထုတ်မသုံးဘူးလား ဆိုတာပါ။ ဒါပေမဲ့ အမေရိကန်ဟာ လက်နက် ရောင်းဝယ်မှု စာချုပ်တွေမှာ F-16တွေ အပါအဝင် အမေရိကန် စစ်လက်နက် အားလုံးကို အိန္ဒိယနဲ့ ပဋိပက္ခတွေမှာ သုံးစွဲခွင့် မပြုဘူးလို့ ပါကစ္စတန်ကို ကြိုတင် ကန့်သတ်ထားတယ်လို့ သိရပါတယ်။

အိန္ဒိယ-ပါကစ္စတန် စစ်ရေး ပဋိပက္ခမှာ F-16တွေကို ထုတ်သုံးရင် ပထဝီဝင် နိုင်ငံရေး ရှုထောင့်ကနေ မလိုလားအပ်တဲ့ စိုးရိမ်စရာတွေ ပေါ်ပေါက်လာမှာကို အမေရိကန်က စိုးရိမ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် F-16တွေကို ပါကစ္စတန်ဆီ ထောက်ပံ့ ရောင်းချပေးခဲ့ချိန်မှာ အကြမ်းဖက် တိုက်ဖျက်ရေး ကဏ္ဍအတွက်၊ အထူးသဖြင့် အိမ်နီးချင်း အာဖဂန် နစ္စတန် နိုင်ငံမှာ ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေအတွက် အသုံးပြုခွင့်ပြုဖို့ စာချုပ်ထားခဲ့တာပါ။

ပါကစ္စတန်ဟာ တခြားနိုင်ငံတွေနဲ့၊ အဓိကအားဖြင့် အိန္ဒိယနဲ့ ဖြစ်ပွားတဲ့ သမားရိုးကျ စစ်ရေး ပဋိပက္ခတွေမှာလည်း F-16တွေနဲ့ အမေရိကန်လုပ် စစ်လက်နက်တွေကို အသုံးပြုခွင့် မရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်တုန်းက ကက်ရှ်မီးယားမှာ အိန္ဒိယ တိုက်လေယာဉ်တွေနဲ့ စစ်ခင်းတဲ့အခါ ပါကစ္စတန်ဟာ အဲဒီ သဘောတူညီချက်ကို ချိုးဖောက်ပြီး F-16တွေကို အသုံးပြုခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။

ဒီချိုးဖောက်မှုမျိုးအတွက် အမေရိကန်က လေယာဉ် အပိုပစ္စည်းတွေ တင်ပို့မှုတွေ ပိတ်ပင်တာမျိုး အပါအဝင် အရေးယူ တုံ့ပြန်မှုတွေ လုပ်နိုင်တယ်လို့ သတ်မှတ်ထားပေမယ့် အဲဒီတုန်းကတော့ အမေရိကန် အစိုးရဟာ ပါကစ္စတန်ကို ပြင်းပြင်းထန်ထန် အပြစ်တင်တာမျိုး မရှိခဲ့ဘဲ နောက်ကွယ်မှာပဲ သိုသိုသိပ်သိပ် ညှိနှိုင်း ဖြေရှင်းသွားခဲ့ပါတယ်။

၂၀၀၀ ပြည့်လွန်နှစ်တွေတုန်းက သမ္မတ ဂျော့ဂျ်ဒဗလျူဘုရှ် လက်ထက်မှာ ပါကစ္စတန်နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေအတွက် တာဝန်ယူခဲ့ဖူးသူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိဟောင်း တစ်ယောက်ကတော့ ပါကစ္စတန်ဆီ လက်လွှဲပေးပြီးသား တိုက်လေယာဉ်တွေနဲ့ ပတ်သက်လို့ တကယ်တမ်း အမေရိကန်က ထဲထဲဝင်ဝင် ချုပ်ခြယ်တာ၊ တားမြစ်တာတွေ လုပ်ဖို့ မလွယ်ဘူးလို့ မှတ်ချက် ပေးထားပါတယ်။

ဒါပေမဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခမှာတော့ ပါကစ္စတန်ဟာ F-16တွေကို ထုတ်သုံးနေတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားမျိုး မတွေ့ရသေးပါဘူး။ အဲဒီအစား ပါကစ္စတန်ဟာ Rafaleတွေ အပါအဝင် အိန္ဒိယ တိုက်လေယာဉ်တွေကို စိန်ခေါ်ဖို့အတွက် တရုတ်ရဲ့ J-10Cတွေကို အားကိုးခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်ကပဲ ထုတ်လုပ်ပြီး ကီလိုမီတာ ရာချီ ပျံသန်းနိုင်တဲ့ ဝေဟင်ပစ် PL-15 ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ J-10Cတွေဟာ ရန်သူကို ထိထိရောက်ရောက် နောက်ကောက်ချနိုင်ခဲ့ကြောင်း ပါကစ္စတန်က ကြွေးကြော်ထားပါတယ်။

နိုင်ငံအချင်းချင်း ဖြစ်ပွားတဲ့ စစ်ရေး ပဋိပက္ခတွေမှာ တိုက်လေယာဉ်တွေ စီးချင်းထိုး တိုက်ခိုက်ကြတာဟာ ရှားပါးဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနဲ့ ပါကစ္စတန် တိုက်လေယာဉ်တွေ ရင်ဆိုင်တွေ့ကြတဲ့ ကိစ္စကို ကမ္ဘာ့နိုင်ငံတွေက အထူးအာရုံစိုက် စောင့်ကြည့်နေပြီး တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်၊ လေယာဉ်မှူးတွေရဲ့ လေ့ကျင့်မှု၊ စစ်ရေး ဗျူဟာတွေကို ဆန်းစစ် လေ့လာနေကြပါတယ်။

တရုတ်လုပ် တိုက်လေယာဉ်က ပစ်ချတာ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေကြောင့် Rafaleတွေကို ထုတ်လုပ်တဲ့ ပြင်သစ် ကုမ္ပဏီ Dassaultဟာ ရှယ်ယာတန်ဖိုးတွေ ထိုးကျမှုကို ကြုံနေရပြီး တစ်ဖက်မှာတော့ J-10Cတွေကို ထုတ်လုပ်တဲ့ တရုတ်ကုမ္ပဏီ Chenduရဲ့ ရှယ်ယာစျေးတွေ တဟုန်ထိုး မြင့်တက်တဲ့ အပြောင်းအလဲမျိုး ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။

ကိုးကား: TBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။