အဂတိ တိုက်ဖျက်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိပ်တန်း စစ်ဗိုလ်ချုပ် နှစ်ဦးကို တရုတ် ကွန်မြူနစ် ပါတီ (CCP)က ဖယ်ရှားလိုက်ပါတယ်။
တရုတ်ရဲ့ စစ်ဘက်ရာထူး ဒုတိယ အမြင့်ဆုံး ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဟီဝေဒေါင်နဲ့ တရုတ် ကြည်းတပ်ရဲ့ ထိပ်တန်း နိုင်ငံရေးမှူး တစ်ဦးဖြစ်တဲ့ မော်ဟွာတို့ကို ပါတီထဲကနေ နှင်ထုတ်လိုက်ပြီလို့ တရုတ် အာဏာရ ပါတီက အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ အဂတိ စွပ်စွဲချက်တွေနဲ့လည်း အမှုရင်ဆိုင်နေရကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက သီးခြား ထုတ်ပြန်ပါတယ်။
စစ်တပ်ထဲမှာ အဂတိ တိုက်ဖျက်ရေး အစီအမံတွေကို အင်တိုက်အားတိုက် အစပြုလာခဲ့တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း ဒါဟာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်တွေ အရေးယူ ခံရမှု ဖြစ်လာခဲ့ပါတယ်။

Public Service Announcement
ဟီဟာ ၁၉၇၆ ခုနှစ်နောက်ပိုင်းကစလို့ တရုတ် စစ်တပ်ရဲ့ ဩဇာကြီးမားတဲ့ ဗဟိုစစ်ရေး ကော်မရှင်မှာ လက်ရှိ တာဝန်ယူနေတဲ့ထဲက ပထမဆုံး ထုတ်ပယ်ခံရသူ အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ မတ်လကတည်းက လူမြင်ကွင်းက ပျောက်ကွယ်နေခဲ့ပြီး သူ့အပေါ် စွပ်စွဲချက်တွေကိုတော့ အစောပိုင်းမှာ တရုတ် အာဏာပိုင်တွေက မကြေညာခဲ့ပါဘူး။
ဟီနဲ့ မော်တို့ အပါအဝင် စစ်ဘက် အရာရှိ ၇ ဦးဟာ ပါတီရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို ဆိုးရွားစွာ ချိုးဖောက်ခဲ့တဲ့အတွက် သူတို့ကို ထုတ်ပယ်လိုက်တယ်လို့ CCPက ဆိုပါတယ်။ သူတို့တွေဟာ အခွန်နဲ့ ပတ်သက်တဲ့ စည်းမျဉ်း ချိုးဖောက်တာတွေ၊ ငွေပမာဏ အမြောက်အမြား မရိုးမသား လုပ်တာတွေကို ကျူးလွန်ခဲ့တာလို့ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကျန်းရှောင်ဂန်က ပြောပါတယ်။
အသက် ၆၈ နှစ်အရွယ် ဟီဟို ထုတ်ပယ်ခြင်းဟာ CCP အတွက်တော့ ရှုပ်ထွေးပြီး သက်ရောက်မှု ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ကြီး တစ်ခု ဖြစ်လာပါတယ်။ သူဟာ CCPရဲ့ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ၂၄ ဦးထဲမှာလည်း ပါဝင်နေပါတယ်။
သူဟာ တရုတ်ရဲ့ စစ်တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)မှာ အတွေ့အကြုံ အရင့်ကျက်ဆုံး စစ်ဦးစီး တစ်ဦး ဖြစ်ခဲ့သလို သမ္မတ ရှီကျင့်ဖျင်နဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။
သူဟာ ၂၀၂၂ တုန်းကတော့ သမားရိုးကျ လုပ်ရိုးလုပ်စဉ် အဆင့်တွေကို ကျော်ပြီး စစ်ရေး ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးကို တိုက်ရိုက် တင်မြှောက်ခြင်း ခံခဲ့ရကြောင်းလည်း သိရပါတယ်။
ကိုးကား: Reuters
















































