ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဒါကာမြို့တော် နိုင်ငံတကာ လေဆိပ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လေကြောင်း ခရီးစဉ် တချို့ ဆိုင်းငံ့ခံရတာ၊ ဖျက်သိမ်းခံရတာမျိုး အခြေအနေတွေ ကြုံခဲ့ပါတယ်။
အောက်တိုဘာ ၁၈ ရက် ညပိုင်းတုန်းက လေဆိပ်ရဲ့ ကုန်တင်ကုန်ချ terminalဖက်မှာ အကြီးစား မီးလောင်မှုတစ်ခု ဖြစ်ခဲ့တာလို့ လေဆိပ် တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကြောင့် ဒါကာရဲ့ ဟက်ဇ်ရက် ရှာဂျာလာ လေဆိပ်မှာ လေယာဉ် အတက်အဆင်း ခရီးစဉ်တွေကို ဆိုင်းငံ့ခဲ့ရသလို လေဆိပ်ကို ဆင်းသက်လာမယ့် လေယာဉ်တွေကိုလည်း တခြားလေဆိပ်တွေဆီ လမ်းကြောင်းလွှဲစေခဲ့ရပါတယ်။
မီးကို ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့သလို လူအထိအခိုက် မရှိခဲ့ကြောင်း၊ လေယာဉ်အားလုံးလည်း ဘေးကင်းခဲ့ကြောင်း ဒါကာ မီးသတ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။ မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
မီးလောင်မှုကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးစဉ် အားလုံးမှာ သက်ရောက် ထိခိုက်မှုတွေ ကြုံခဲ့ရပါတယ်။ မီးလောင်နေချိန် အတောအတွင်း အိန္ဒိယနိုင်ငံ ဒေလီမြို့ကနေ ဒါကာဆီ ပျံသန်းလာတဲ့ IndiGo လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်တစ်စီးဟာ အိန္ဒိယရဲ့ ကိုလ်ကတ္တားမြို့ဆီ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရပါတယ်။ အလားတူ အာရေးဘီးယား လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးကလည်း စစ်တကောင်းဆီ လမ်းကြောင်း ပြောင်း ပျံသန်းခဲ့ရပါတယ်။

Public Service Announcement
ဟောင်ကောင်ကနေ ပျံသန်းလာတဲ့ ကသေး ပစိဖိတ် လေကြောင်းလိုင်းရဲ့ လေယာဉ်ကတော့ မီးငြှိမ်းသတ်မှု မပြီးသေးခင် လေဆိပ်ပေါ်မှာ ပတ်ပတ်လည်လှည့်ပြီး ပျံသန်းနေခဲ့ရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
မီးငြှိမ်းသတ်မှုမှာ ဘင်္ဂလားဒေ့ရှ် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေကလည်း မီးသတ်ဝန်ထမ်းတွေကို ပူးပေါင်း အကူအညီ ပေးခဲ့တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာတော့ ဒီဖြစ်စဉ်က တစ်ပတ်အတွင်း တတိယမြောက် အကြီးအကျယ် မီးလောင်မှုပါ။ အခုသီတင်းပတ် အစောပိုင်းတုန်းက ဒါကာမှာ အထည်ချုပ်စက်နဲ့ အနီးမှာရှိတဲ့ ဓာတုပစ္စည်း ဂိုဒေါင် မီးလောင်မှုကြောင့် ၁၆ ဦးထက်မနည်း သေခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ စစ်တကောင်းမှာရှိတဲ့ အထည်ချုပ် စက်ရုံနဲ့ ပို့ကုန် ပစ္စည်းတွေ ထုပ်ပိုးမှု ဇုန်နေရာတစ်ခုမှာ အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
ကိုးကား: Reuters


















































