ထိုင်းဘုရင်ရဲ့ မယ်တော်ကြီးဟာ အသက် ၉၃ နှစ် အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာ ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီး ဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူပါ။ ဒီလထဲမှာတော့ သူဟာ သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခုကိုပါ ကြုံခဲ့ရပါတယ်။
သူဟာ ထိုင်းရဲ့ နန်းစံသက် အရှည်ဆုံး ဘုရင်ဖြစ်တဲ့ ဘူမိဘောနဲ့ ၁၉၅၀ ပြည့်နှစ်မှာ ထိမ်းမြားလက်ထပ်ပြီး မိဖုရားခေါင်ကြီး ဘွဲ့ကို ခံယူခဲ့ပါတယ်။ ဘုရင် ဘူမိဘောကတော့ ၂၀၁၆ ခုနှစ်တုန်းက အသက် ၈၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Public Service Announcement
လက်ရှိ ထိုင်းဘုရင် မဟာဗဂျီရာလောင်ကွန်းက မိခင်ရဲ့ နာရေးကို နိုင်ငံတော် ဈာပနအဖြစ် ကျင်းပစေဖို့ ညွှန်ကြားထားပါတယ်။ ဆီရီကစ်ရဲ့ ကြွင်းကျန် ရုပ်ခန္ဓာကို ဘန်ကောက်မှာရှိတဲ့ နန်းတော်ထဲက ခန်းမဆောင် တစ်ခုမှာ လတ်တလော ထားရှိမယ်လို့လည်း သိရပါတယ်။
တော်ဝင်မိသားစုထဲမှာတော့ မယ်တော်ကြီး ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲမှု ကာလကို တစ်နှစ်ကြာ သတ်မှတ်ထားမယ်လို့လည်း ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာဗီရာကူလ်ဟာ အခုသီတင်းပတ်ကုန်မှာ မလေးရှားကိုသွားပြီး အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ထိပ်သီး အစည်းအဝေးတက်ဖို့ စီစဉ်ထားပေမယ့် အခုနာရေးကိစ္စကြောင့် ခရီးစဉ် ဖျက်သိမ်းလိုက်ပါတယ်။
ဘူမိဘောနဲ့ ဆီရီကစ်တို့ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ဂီတပညာ သင်ကြားရင်း တွေ့ဆုံခဲ့ကြတာပါ။ အဲဒီတုန်းက ဆီရီကစ်ရဲ့ ဖခင်ဟာ ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး ဖြစ်ပါတယ်။ နောက်တော့ ဘူမိဘော နန်းတက်ခါနီးမှာ သူတို့နှစ်ဦး လက်ထပ်ခဲ့ကြပြီး ငယ်ရွယ်တဲ့ ဇနီးမောင်နှံ နှစ်ဦးဟာ ကမ္ဘာအနှံ့ကို သံတမန်ရေး ခရီးတွေ လှည့်လည် သွားလာခဲ့ပါတယ်။ သူတို့ဟာ အမေရိကန် သမ္မတ ဒွိုက် အိုက်ဆင်ဟောင်ဝါး၊ ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ်၊ ကမ္ဘာကျော် အဆိုတော် အဲလ်ဗစ် ပရက်စလေတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆီရီကစ်ဟာ ငယ်ရွယ်စဉ် အချိန်တုန်းက ဝတ်စားဆင်ယင်မှု အဆန်းသစ်ဆုံး အမျိုးသမီး တစ်ဦးအဖြစ်လည်း နိုင်ငံတကာ ဖက်ရှင် မဂ္ဂဇင်းတွေရဲ့ ချီးကျူး ဖော်ပြမှုကို ခံခဲ့ရပါတယ်။
ဘူမိဘောဟာ ထိုင်းနိုင်ငံ သမိုင်းမှာ အလေးစား ခံရဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သလို ဆီရီကစ်ကိုလည်း မိခင်ကြီးလိုမျိုး ထိုင်းပြည်သူတွေက ချစ်မြတ်နိုးခဲ့ကြပါတယ်။ သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ ဩဂုတ် ၁၂ ရက်နေ့ကို ထိုင်းရဲ့ မိခင်များနေ့အဖြစ် ၁၉၇၆ ခုနှစ် ကတည်းက စတင် သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ထိုင်းမှာ ရဲတွေနဲ့ ပဋိပက္ခ ဖြစ်ရာက သေဆုံးခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ တစ်ဦးရဲ့ နာရေးကို မိဖုရားခေါင်ကြီးက ကိုယ်တိုင် တက်ရောက်ပြီး လူထုကို စာနာမှု ပြသတာမျိုးတွေ ရှိခဲ့ပါတယ်။
ဆီရီကစ်ဟာ ၂၀၁၂ ခုနှစ်မှာ လေဖြတ်ဝေဒနာ ခံစားခဲ့ရပြီး အဲဒီနောက်ပိုင်း လူမြင်ကွင်းရှေ့ကို မထွက်သလောက်ထိ နည်းပါးသွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ သား ၁ ဦးနဲ့ သမီး ၃ ဦး ကျန်ခဲ့ပါတယ်။
ကိုးကား: BBC























































