Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရ shutdownနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်တွေကို ကာမီကာဇီ တိုက်လေယာဉ်မှူးတွေနဲ့ ထရမ့်ခိုင်းနှိုင်း

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ ကာမီကာဇီ တိုက်လေယာဉ်မှူးတွေလိုပဲ ကိုယ်တိုင် အထိခိုက်ခံပြီး အမေရိကန် အစိုးရကို နှောင့်ယှက်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ ကာမီကာဇီ တိုက်လေယာဉ်မှူးတွေလိုပဲ ကိုယ်တိုင် အထိခိုက်ခံပြီး အမေရိကန် အစိုးရကို နှောင့်ယှက်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံသမိုင်းမှာ အစိုးရ ယန္တရား ဆိုင်းငံ့ရပ်နားထားရမှု (shutdown)ကာလ အရှည်ဆုံး အခြေအနေကို ကြုံတွေ့လာရတဲ့နောက် ထရမ့်က လွှတ်တော်ထဲမှာ ဘတ်ဂျတ်ကိစ္စ ညှိမရ ဖြစ်နေတဲ့အပေါ် ဒီမိုကရက်တစ်တွေကို အပြစ်ဖို့ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ထဲမှာ အစိုးရ အသုံးစရိတ်သစ် ညှိမရတာကြောင့် အောက်တိုဘာ ၁ ရက်နေ့ ကတည်းက shutdown စတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့မှာတော့ ၃၆ ရက် ကြာမြင့်လာခဲ့ပါတယ်။ အရင်က အကြာဆုံး shutdownဟာ ၂၀၁၈ နှစ်ကုန်နဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းတုန်းက ဖြစ်ပြီး ၃၅ ရက် ကြာညောင်းခဲ့ပါတယ်။ အဲဒီတုန်းကလည်း အမေရိကန်မှာ ထရမ့်ပဲ သမ္မတဖြစ်ပြီး ပထမ ၄ နှစ်သက်တမ်း တာဝန်ယူ အုပ်ချုပ်နေခဲ့တာပါ။

အစိုးရ shutdown ကာလမှာ ဖက်ဒရယ် အစိုးရ အေဂျင်စီတွေ အများအပြား လုပ်ငန်း ရပ်ဆိုင်းထားရပြီး ဝန်ထမ်းတွေလည်း လစာမရတာတွေ၊ အလုပ်ကနေ ခွင့်ပေးခံထားရတာတွေ ကြုံနေရပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရက်တွေက ဆင်းရဲနွမ်းပါးတဲ့ အမေရိကန် နိုင်ငံသား သန်းဂဏန်းအတွက် ကျန်းမာရေး ထောက်ပံ့မှု စရိတ်တွေကို ဘတ်ဂျတ်အသစ်ထဲမှာ သက်တမ်းတိုး ထည့်သွင်းပေးဖို့ တောင်းဆိုထားပြီး ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီကတော့ ဒီကိစ္စဟာ အစိုးရ အသုံးစရိတ်နဲ့ ပတ်သက်မှု မရှိသင့်ဘူးဆိုပြီး ပယ်ချထားရာက ညှိမရဖြစ်ပြီး ဘတ်ဂျတ်အသစ်အတွက် မဲခွဲမှုတွေ အကြိမ်ကြိမ် မအောင်မြင်ဘဲ ဖြစ်နေတာပါ။

ထရမ့်ကတော့ ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် သင်္ဘောတွေကို ကိုယ်တိုင် အသေခံပြီး ထိုးစိုက်ဖောက်ခွဲတဲ့ ဂျပန်ရဲ့ ကာမီကာဇီ တိုက်လေယာဉ်မှူးတွေနဲ့ ဒီမိုကရက်တစ် ပါတီကို ခိုင်းနှိုင်း ဝေဖန်သွားခဲ့ပါတယ်။

မကြာသေးခင် ဂျပန်ခရီးစဉ်မှာ သူဟာ ကာမီကာဇီ လေယာဉ်မှူးတွေအကြောင်း စကားဆက်စပ် ပြောဆိုဖြစ်ခဲ့ကြောင်း၊ အဲဒီလူတွေလည်း သူတို့နဲ့ သဘောတရား တူတူပဲလို့ သူယူဆကြောင်း ဒီမိုကရက်တွေကို ရည်ညွှန်းပြီး ထရမ့်က ပြောပါတယ်။ သူတို့ အလိုပြည့်ဖို့ဆိုရင် အမေရိကန် နိုင်ငံကိုပါ သူတို့က ဆွဲချလိမ့်မှာဖြစ်ကြောင်းလည်း ထရမ့်က စွပ်စွဲခဲ့ပါတယ်။

ထရမ့်က အစိုးရ shutdown ဖြစ်နေတာကိုသာ မပြင်ဆင်နိုင်ဘူးဆိုရင် အမေရိကန် နိုင်ငံသား ၄၂ သန်းလောက်အတွက် လိုအပ်တဲ့ အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့ပေးနေတဲ့ အစိုးရရဲ့ ရန်ပုံငွေ အစီအစဉ် တစ်ခုကို နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ဆိုင်းငံ့ရဖွယ် ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။ လောလောဆယ်မှာတော့ shutdownကြောင့် လေကြောင်းထိန်းသိမ်းရေးဌာန ဝန်ထမ်းတွေလည်း ခွင့်ယူထားရပြီး နိုင်ငံရဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာလည်း ရှုပ်ထွေးမှု၊ နှောင့်နှေးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။