Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပွဲဦးထွက် မိတ်ဆက်ပွဲမှာ မှောက်ထိုးကြီးလဲပြီး အရှက်ကွဲခဲ့တဲ့ ရုရှားရဲ့ ပထမဆုံး လူတူစက်ရုပ်

ရုရှားမှာ အထင်တကြီး စောင့်ကြည့် ခံနေရတဲ့ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်ဟာ ပွဲဦးထွက် မိတ်ဆက်တဲ့ အခမ်းအနားမှာတင် ဟပ်ထိုးမှောက်ခုံလဲပြီး အရှက်ကွဲခဲ့ပါတယ်။

ဓာတ်ပုံ - Shutterstock

ရုရှားမှာ အထင်တကြီး စောင့်ကြည့် ခံနေရတဲ့ ဉာဏ်ရည်တု (AI) နည်းပညာသုံး စက်ရုပ်ဟာ ပွဲဦးထွက် မိတ်ဆက်တဲ့ အခမ်းအနားမှာတင် ဟပ်ထိုးမှောက်ခုံလဲပြီး အရှက်ကွဲခဲ့ပါတယ်။

AIDOLလို့ နာမည်ပေးထားတဲ့ လူတူစက်ရုပ်ဟာ ရုရှားမှာတော့ ကြိုတင်ပြီး အကြီးအကျယ် နာမည်ကြီးနေ၊ အထင်ကြီးခံနေရတဲ့ နည်းပညာ ဆန်းသစ် တီထွင်မှု တစ်ခု ဖြစ်ပါတယ်။ AIDOLရဲ့ မိခင်ကုမ္ပဏီကလည်း AIDOLဆိုတဲ့ နာမည်နဲ့ပဲဖြစ်ပြီး ရုရှားရဲ့ ပထမဆုံး AI နည်းပညာသုံး စက်ရုပ်လို့ ကြွေးကြော်ထားခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ကတော့ မော်စကိုမှာ စမ်းသပ် အဆင့်မြှင့်တင်နေဆဲအဆင့် AIDOLစက်ရုပ်ကို ကုမ္ပဏီက ပထမဆုံး ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ စက်ရုပ်ဟာ လူသားတွေလိုမျိုး လှုပ်ရှားသွားလာနိုင်တယ်လို့ မိတ်ဆက်ထားပေမယ့် စင်ပေါ်ရောက်လာပြီး စက္ကန့်ပိုင်း အတွင်းမှာတင် ဟန်ချက် မထိန်းနိုင်ဘဲ ဟပ်ထိုးကြီး လဲသွားခဲ့တာ ဖြစ်ပါတယ်။

စိတ်လှုပ်ရှားမှုအပြည့် စောင့်ကြည့်နေတဲ့ သတင်းထောက် ၅၀ လောက်ရှေ့မှာ စက်ရုပ်က မလှမပကြီး ပြိုလဲသွားတဲ့အပြင် အစိတ်အပိုင်း တချို့ပါ ပြုတ်ထွက်ကုန်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အခုပဲ ပျံသန်းတော့မယ် (Gonna Fly Now) ဆိုတဲ့ သီချင်းကို ဖွင့်ထားပြီး ကူညီ ထိန်းသိမ်းပေးသူ နှစ်ယောက်နဲ့အတူ စင်ပေါ်ကို လမ်းလျှောက်ထွက်လာတဲ့နောက် ဘယ်လောက်မှတောင် မကြာလိုက်တဲ့ အချိန်မှာ စက်ရုပ်က မှောက်ခုံကြီး လဲသွားတာ ဖြစ်ပါတယ်။ လဲနေတဲ့ အချိန်မှာလည်း AIDOLဟာ ယက်ကန်ယက်ကန်နဲ့ အတော်ကြီး ရုန်းကန်နေခဲ့ရတာကို တွေ့ရပါတယ်။

နောက်ခံတီးလုံးက ပိုပြီး အားမာန်ပါတဲ့ အရှိန်မျိုး ထွက်ပေါ်နေချိန်မှာပဲ စက်ရုပ်က ဗိုင်းကနဲ လဲသွားတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေဟာ အမည်းရောင် အဝတ်စကြီး တစ်ခုကို အရေးတကြီး ဆွဲယူလာပြီး မြင်ကွင်းကို အမြန် ကာထားလိုက်ရပါတယ်။ အစိတ်အပိုင်းတချို့ ပြုတ်ထွက်နေတဲ့ စက်ရုပ်ကို တရွတ်တိုက် ဆွဲသွားရတဲ့ အချိန်မှာ ဖွင့်ထားတဲ့ နောက်ခံသီချင်း စာသားကလည်း တိုက်တိုက်ဆိုင်ဆိုင် ‘အခု အရမ်း ကြိုးစားနေတယ်’ဆိုတဲ့အပိုဒ် ဖြစ်နေပါတယ်။

ရုတ်တရက် အူကြောင်ကြောင် ဖြစ်သွားတဲ့ ပရိသတ်တွေကလည်း ပထမတော့ ဆွံ့အသွားပြီး အဲဒီနောက် စိတ်မသက်မသာ ဖြစ်ဟန်နဲ့ လက်ခုပ်တီးနေခဲ့ကြပါတယ်။ အဲဒီ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုကလည်း လူမှုကွန်ရက်ပေါ်မှာ အတော်လေး လူပြောများခဲ့ပါတယ်။

AIDOLကို တီထွင်သူတွေကတော့ သူတို့ရဲ့ ပွဲဦးထွက် မလှပမှုကို အများအာရုံစိုက်ခြင်း ခံရတာကိုပဲ အတော် အံ့ဩနေတယ်လို့ ဆိုပါတယ်။ သူတို့ဟာ အဖွဲ့အစည်းကြီး မဟုတ်သလို အစိုးရ ရန်ပုံငွေ ထောက်ပံ့မှုနဲ့ လည်ပတ်နေတာလည်း မဟုတ်ကြောင်း၊ လူ ၁၄ ဦးတည်းနဲ့ အမှီအခိုကင်းကင်း ကြိုးစားနေတဲ့ ကုမ္ပဏီ တစ်ခုသာဖြစ်ကြောင်း AIDOLရဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

အစောပိုင်း ကြေညာထားမှုမှာတော့ AIDOLဟာ လမ်းလျှောက်တာ၊ စကားပြောတာ၊ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ် ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နိုင်မယ်လို့ ပါရှိခဲ့ပါတယ်။ လူနဲ့အနီးစပ်ဆုံး တူညီအောင် လှုပ်ရှားနိုင်တဲ့ စက်ရုပ်တွေ ဖန်တီးရေးကို ကမ္ဘာတလွှားက နည်းပညာ လုပ်ငန်းစုကြီးတွေက အပြိုင် ကြိုးစားနေပါတယ်။ ဥပမာ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ဦးဆောင်တဲ့ Tesla ကုမ္ပဏီကလည်း အဲဒီလို AI နည်းပညာသုံး စက်ရုပ်တွေ စီးပွားဖြစ် ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ရုရှားမှာတော့ အဲဒီလို စက်ရုပ်မျိုးကို AIDOL မတိုင်ခင်မှာ မိတ်ဆက် ပြသတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း AIDOLရဲ့ ပွဲဦးထွက်ကို လူအများက ပိုပြီး စိတ်ဝင်စားနေ၊ အထင်ကြီးနေကြတာ ဖြစ်ပါတယ်။

AIDOL ကုမ္ပဏီရဲ့ အဆိုအရတော့ စက်ရုပ်ဟာ လူလို လမ်းလျှောက်နိုင်ပြီး စိတ်ခံစားချက် မျက်နှာအမူအယာ ၁၂ ခုလောက်ကို သင့်တော်သလို ပြောင်းလဲ ပြသနိုင်တယ်လို့ သိရပါတယ်။ ကုမ္ပဏီကတော့ အရှက်ကွဲစရာ ဖြစ်ခဲ့ပေမယ့်လည်း ဒီလို ကိစ္စမျိုးဟာ ခေတ်ရှေ့ပြေး နည်းပညာ ဆန်းသစ်မှုတွေကို ထိုးထွင်းလုပ်ဆောင်တဲ့အခါ ကြုံလေ့ရှိတဲ့ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလို့ပဲ မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: New York Post

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။