Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်နဲ့ မဟာမိတ်ဟောင်း အမတ် တစ်ဦးကြားက တင်းမာမှုတွေ လူသိရှင်ကြား ဖြစ်လာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ သူ့ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ် လွှတ်တော်အမတ် တစ်ဦးကြားက တင်းမာမှုတွေဟာ လူသိရှင်ကြား အဆင့်ထိ ပေါက်ကွဲထွက်လာခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ သူ့ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ် လွှတ်တော်အမတ် တစ်ဦးကြားက တင်းမာမှုတွေဟာ လူသိရှင်ကြား အဆင့်ထိ ပေါက်ကွဲထွက်လာခဲ့ပါတယ်။

ဂျော်ဂျီယာပြည်နယ် ကိုယ်စားပြု ရီပတ်ဘလစ်ကန် ပါတီဝင် အောက်လွှတ်တော် အမျိုးသမီး အမတ်တစ်ဦးဖြစ်တဲ့ မာဂျော်ရီ တေလာ ဂရင်းဟာ အစဉ်အလာအရ ထရမ့်ကို အမာခံ ကာကွယ်ရပ်တည်ခဲ့သူ တစ်ဦးပါ။ အခုတော့ သူတို့နှစ်ဦးဟာ လူသိရှင်ကြား အပြန်အလှန် ပုတ်ခတ် ဝေဖန်နေကြပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထရမ့်က ဂရင်းကို အူကြောင်ကျား တစ်ယောက်လို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန် ထိုးနှက်ခဲ့ပါတယ်။ လာမယ့်နှစ် ရွေးကောက်ပွဲတွေမှာ ဂရင်းက ဘယ်နေရာအတွက်မှ ဝင်မပြိုင်သင့်ဘူးလို့လည်း သူက ဆိုပါတယ်။

အူကြောင်ကျား ဂရင်းတစ်ယောက် လုပ်နေတာဆိုလို့ စောဒကတက်တာ၊ စောဒကတက်တာ၊ စောဒကတက်တာတွေချည်းပဲ သူမြင်မိကြောင်း ထရမ့်က စွပ်စွဲ ရေးသားထားပါတယ်။ ဂျော်ဂျီယာမှာ လွှတ်တော် အမတ်နေရာ၊ ဒါမှမဟုတ် ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးအတွက် ဝင်မပြိုင်ဖို့ သူက အကြံပေးလိုက်တဲ့နောက် ဂရင်းက သူ့ကိုစပြီး ရန်လိုလာတာလို့လည်း ထရမ့်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူ့ဆီဖုန်းခေါ်တာတွေကို ပြန်မဖြေတော့လို့ စိတ်ပျက်ရတယ်ဆိုပြီး ဂရင်းက လူတကာကို လိုက်ပြောနေကြောင်း၊ ဟောင်ဖွာဟောင်ဖွာ လျှောက်ပြောနေတဲ့ ရူးနှမ်းနှမ်း စကားတွေကို နေ့တိုင်း နားထောင်ဖို့ သူ့မှာ အချိန်မရှိကြောင်းလည်း ထရမ့်က ပြောပါတယ်။

နောက်နှစ် ရွေးကောက်ပွဲကျရင် ဂရင်းအစား ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဘယ်ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားလှယ်လောင်းကိုမဆို သူထောက်ခံမှာလို့လည်း ထရမ့်က ဆိုပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ထရမ့်က ဂရင်းအပေါ် ထိုးနှက်မှုကို အရှိန်မြှင့်ခဲ့ပြီး ‘မာဂျော်ရီ သစ္စာဖောက် ဂရင်းဟာ ကြီးမြတ်တဲ့ ရီပတ်ဘလစ်ကန် ပါတီအတွက် အရှက်ရစရာ တစ်ခု’လို့ ရေးသားထားခဲ့ပြန်ပါတယ်။ သူက တေလာဆိုတဲ့ စာလုံးအစား သစ္စာဖောက်လို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ် စာလုံး traitorနဲ့ အစားထိုးခဲ့တာပါ။

ဂရင်းက ထရမ့်ဟာ ရွေးကောက်ပွဲမှာ သူ့အတွက် မဲပေးထောက်ခံခဲ့သူတွေ ကြုံနေတဲ့ လူနေမှု စရိတ် ကြီးမြင့်မှုတွေကို ဖြေရှင်းပေးဖို့ လုံလုံလောက်လောက် ဘာမှ မလုပ်ဘူးလို့ ဝေဖန်ခဲ့တဲ့နောက် ထရမ့်က အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။ ဂရင်းဟာ နိုင်ငံတကာ ပဋိပက္ခတွေနဲ့ အခွန်အခ ကိစ္စတွေမှာလည်း ထရမ့်ရဲ့ မူဝါဒတွေကို မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူက အပြင်းထန်ဆုံး ဆန့်ကျင်နေတာကတော့ အပ်စတိန်း ဖိုင်တွေနဲ့ ပတ်သက်ပြီး ထရမ့်ကိုင်တွယ်နေတဲ့ ပုံစံတွေကို ဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းသမား၊ လူမှောင်ခိုသမားအဖြစ် စွပ်စွဲခံရပြီး အကျဉ်းခန်းထဲမှာ အဆုံးစီရင်သွားတဲ့ အပ်စတိန်းကို စစ်ဆေးထားတဲ့ မှတ်တမ်းတွေကို အပ်စတိန်း ဖိုင်တွေလို့ ခေါ်ဝေါ်ပြီး အဲဒီထဲမှာ ထရမ့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ လက်ရှိ အချိန်ထိ ထွက်ပေါ်လာသမျှ အပ်စတိန်းဖိုင် အပိုင်းအစတွေမှာ ထရမ့်ဟာ သူ့မိတ်ဆွေဟောင်း အပ်စတိန်းနဲ့ ကြံရာပါ ဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။ ဒါပေမဲ့ အမေရိကန် အစိုးရဟာ အပ်စတိန်းဖိုင်တွေကို အပြည့်အစုံ ထုတ်ပြဖို့ကို တောက်လျှောက် ပိတ်ပင်ဖို့ ကြိုးစားနေတာကြောင့် သို့လောသို့လော တွေးစရာတွေ ဖြစ်လာစေပါတယ်။

အပ်စတိန်းဖိုင်တွေကို ထုတ်ပြပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က အောက်လွှတ်တော်မှာ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေက ထောက်ခံ လက်မှတ်ရေးထိုးမှုတွေ ကောက်ယူခဲ့ရာမှာ ရီပတ်ဘလစ်ကန် အမတ် ၄ ဦးက ပူးပေါင်းခဲ့ကြပြီး ဂရင်းလည်း အပါအဝင် ဖြစ်ပါတယ်။

ဂရင်းက လာမယ့် သီတင်းပတ်တွေကျရင် အပ်စတိန်းဖိုင်တွေကို ထုတ်ပြပေးရေး အဆိုပြု မဲခွဲဖို့ ရှိနေပြီး ထရမ့်ဟာ တခြား ရီပတ်ဘလစ်ကန်တွေ အဲဒီကိစ္စမှာ ပါဝင် မထောက်ခံရဲအောင် သူ့ကို ပစ်မှတ်ထားပြနေတာ ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ စွပ်စွဲ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး လူပုဂ္ဂိုလ် တစ်ဦးဖြစ်တဲ့ ထရမ့်က သူ့ကို ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ပြီး ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။

ရီပတ်ဘလစ်ကန် တစ်ဦး၊ ထရမ့်ရဲ့ မူဝါဒတွေကို အားပေးထောက်ခံခဲ့သူ တစ်ဦးဖြစ်တဲ့ သူ့ကို ထရမ့်က ရန်လိုပြနေတယ် ဆိုတာဟာ အားလုံးကို တုန်လှုပ်စေကြောင်း၊ ဒါပေမဲ့ သူဟာ ထရမ့်ကို ကိုးကွယ်သူ၊ ခစားနေသူ တစ်ယောက်လည်း မဟုတ်ကြောင်း ဂရင်းက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

ထရမ့်ဟာ အပ်စတိန်းဖိုင်တွေ ကိစ္စမှာ စီမံကိုင်တွယ်နေပုံတွေနဲ့ ပတ်သက်ရင် ဒီမိုကရက်တစ်တွေသာ မကဘဲ ရီပတ်ဘလစ်ကန် အင်အားစုတချို့ရဲ့ ဝေဖန်မှုနဲ့ပါ ကြုံနေရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ စစ်တိုက်နေတာကို ရပ်တန့်လိုက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ တိုက်ခိုက်နေတာတွေကို ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ရပ်ကြလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်က ပလာစတာဟာ လက်ဆွဲနှုတ်ဆက်ရလွန်းတဲ့ ဒဏ်ရာတွေကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

နိုင်ငံတကာ

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံခြားသားတွေအတွက် သီးသန့်ဖြစ်လာမယ့် ဗီဇာအသစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စတင် ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။