Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါလက်စတိုင်းနိုင်ငံ လုံးဝ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ထပ်ပြော

အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်း နိုင်ငံဆိုတာ လုံးဝ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အချုပ်အခြာ အာဏာပိုင် ပါလက်စတိုင်း နိုင်ငံဆိုတာ လုံးဝ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ ဂါဇာကမ်းမြှောင်ဒေသရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အမေရိကန်က တင်ပြမယ့် အဆိုပြုချက် တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေချိန်မှာ နေတန်ညာဟုက အခုလို ပြောဆိုခဲ့တာပါ။ အမေရိကန်ရဲ့ အဆိုပြုချက်မှာတော့ ပါလက်စတိုင်းကို လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ထူထောင်ပိုင်ခွင့် လမ်းကြောင်းမျိုး ဖွင့်လှစ်ပေးနိုင်ခြေကို ထည့်သွင်းထားပါတယ်။

လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်တဲ့ နေတန်ညာဟုက ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေးဆိုတဲ့ ကိစ္စကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။ သူက ပါလက်စတိုင်းနိုင်ငံ ဖြစ်ထွန်းလာတယ် ဆိုတာဟာ အကြမ်းဖက် အဖွဲ့အစည်း ဟားမားစ်ကို ဆုချလိုက်တာနဲ့ တူတူပဲဖြစ်ကြောင်း၊ အစ္စရေး နိုင်ငံ ပိုင်နက်နားမှာ ဟားမားစ်က ခြယ်လှယ်တဲ့ ပိုပြီး ကြီးမားတဲ့ နယ်မြေတစ်ခု ပေါ်ထွန်းလာတာသာ ဖြစ်နိုင်ကြောင်း ဝေဖန်ထားပါတယ်။

အမေရိကန်ရဲ့ အဆိုပြုချက်ထဲမှာတော့ ဂါဇာမှာ ဒေသတည်ငြိမ်ရေး ကူညီစောင့်ရှောက်မယ့် နိုင်ငံတကာ တပ်ဖွဲ့တစ်ခု ဖြန့်ကျက်ရေး ဆိုတာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဟားမားစ်နဲ့ တခြား ပါလက်စတိုင်း အဖွဲ့အစည်းတွေကတော့ အမေရိကန်ရဲ့ အဆိုပြုချက်ဟာ အစ္စရေးဖက်ကို သိသိသာသာ ယိမ်းနေပြီး ပါလက်စတိုင်းတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်တွေကို ပိတ်ပင်ရာ ရောက်နေတယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။ နောက်ပြီး ဂါဇာမှာ တပ်စွဲထားမယ့် နိုင်ငံတကာ တပ်ဖွဲ့တွေမှာ အစ္စရေးတွေ လုံးဝ မပါဖို့နဲ့ ကုလသမဂ္ဂရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ ရှိနေဖို့ လိုတယ်လို့လည်း ပါလက်စတိုင်းတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နေတန်ညာဟုကတော့ အမေရိကန်ရဲ့ အဆိုပြုချက်ဟာ ဂါဇာမှာ လက်နက်ဖြုတ်ယူ သိမ်းဆည်းရေးကိုပါ တောင်းဆိုထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဟားမားစ်တွေဟာ ကျိန်းသေပေါက် လက်နက် ဖြုတ်ယူ သိမ်းဆည်း ခံရမှာ ဖြစ်ကြောင်း၊ ရွေးစရာက လွယ်တဲ့နည်းလမ်းလား၊ ခက်ခဲတဲ့ လမ်းစဉ်လား ဆိုတာကို ဟားမားစ်က ဆုံးဖြတ်ရုံသာဖြစ်ကြောင်း သူက နိုဝင်ဘာ ၁၆ ရက်နေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာ မှတ်ချက်ပေးသွားပါတယ်။

သူက ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေးကို ဆန့်ကျင်တဲ့ အစ္စရေး အစိုးရရဲ့ ရပ်တည်မှုဟာ ပြည်တွင်းပြည်ပ ဘယ်လို ဖိအားပေး ခြိမ်းခြောက်မှုမျိုးကြောင့်မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ သူ့သဘောထားကို ပြောင်းလဲဖို့ ဘယ်သူ့ဆီကမှ တိုက်တွန်းတာ၊ သင်ခန်းစာပေးတာတွေ မလိုဘူးလို့ နေတန်ညာဟုက ပြောပါတယ်။

ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျ၊ ပြင်သစ်တို့လို အစ္စရေးရဲ့ အစဉ်အလာ မဟာမိတ် နိုင်ငံတချို့က ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် ထောက်ခံ အသိအမှတ်ပြုဖို့ သဘောထား ပြောင်းလဲလာတဲ့တိုင် နေတန်ညာဟုကတော့ ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာဖို့ လုံးဝ မဖြစ်စေရဘူးလို့ ယတိပြတ် ကြွေးကြော်ထားဆဲပါ။

လတ်တလောမှာတော့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ကြားဝင် ညှိနှိုင်းပေးထားတဲ့ အဆိုပြုချက် တစ်ရပ်ကို လက်ခံပြီး အပစ်အခတ် ရပ်စဲထားကြပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဂတိ လိုက်စားမှု စွပ်စွဲချက်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစ္စရေး သမ္မတဆီကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အသနားခံ လျှောက်ထားလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ပွဲစတင်ချိန် ကတည်းက ပါလက်စတိုင်းတွေ သေဆုံးမှု အရေအတွက်ဟာ ၇၀၀၀၀ ကျော်လွန်သွားပြီလို့ သိရပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောတဲ့အချိန် ခန်းမထဲကနေ သံတမန်တွေ၊ နိုင်ငံအများအပြားရဲ့ ကိုယ်စားလှယ်တွေ ထွက်ခွာသွားခဲ့ကြပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။