ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ ရန်သူတွေကိုသာ မကဘဲ မိတ်ဖက် နိုင်ငံတွေကိုပါ ဝေဖန် ထိုးနှက်သွားခဲ့ပါတယ်။
နယူးယောက်မြို့မှာ စက်တင်ဘာ ၂၄ ရက်နေ့က မိန့်ခွန်းပြောတဲ့အခါ နေတန်ညာဟုက ရန်သူတော် အီရန်နိုင်ငံရဲ့ ခေါင်းဆောင်တွေ၊ နယူးယောက်ရဲ့ ပထမဆုံး မွတ်ဆလင် မြို့တော်ဝန်၊ တူရကီ အစိုးရ၊ အစဉ်အလာအရ မိတ်ဖက်တွေ ဖြစ်ခဲ့တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့ကို တိုက်ခိုက် ပြောဆိုသွားခဲ့ပါတယ်။
သူမိန့်ခွန်း ပြောနေတုန်း ကမ္ဘာ့နိုင်ငံ တချို့ရဲ့ ကိုယ်စားလှယ် အဖွဲ့တွေက ခန်းမဆောင်ထဲက ထထွက်သွားပြီး ဆန္ဒပြခဲ့သလို တချို့ကလည်း လှောင်ပြောင် အော်ဟစ်သွားကြပါတယ်။ တစ်ဖက်မှာလည်း နေတန်ညာဟုရဲ့ အစ္စရေး ကိုယ်စားလှယ် အဖွဲ့က သူ့ကို လက်ခုပ်တွေတီးပြီး အော်ဟစ် အားပေးနေတာကြောင့် အခြေအနေတွေက အတော်လေး ရှုပ်ထွေးပြီး အကျည်းတန်ခဲ့ပါတယ်။
“နောက်ထပ် သတ္တိကြောင်တဲ့ကောင်တွေ ရှိနေသေးရင်လည်း ခုကတည်းက ထွက်သွားကြပါ”လို့ နေတန်ညာဟုက သူ့ကို ကျောခိုင်းသွားတဲ့ သူတွေကို ကြည့်ရင်း ပြောပါတယ်။

Public Service Announcement
သူ့ရဲ့ မိန့်ခွန်းထဲမှာတော့ လက်ဝဲယိမ်း နိုင်ငံရေး ဝါဒီတစ်ဦးဖြစ်သူ နယူးယောက် မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီကို ဂျူးဆန့်ကျင်ရေးသမားလို့ နေတန်ညာဟုက စွပ်စွဲတံဆိပ်ကပ်ခဲ့ပြီး မမ်ဒါနီ မြို့တော်ဝန် ဖြစ်လာကတည်းက နယူးယောက်ကဂျူးတွေ လုံခြုံမှု မရှိတော့ဘူးလို့ ဝေဖန်သွားပါတယ်။
မမ်ဒါနီကလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC)ရဲ့ ဝရမ်းထုတ်ခြင်းကို ခံထားရသူ နေတန်ညာဟုကို ဖမ်းဆီးချင်တယ်လို့ပါ ထုတ်ပြောထားပြီး သူ့မှာ အဲဒီလို အခွင့်အာဏာမျိုး မရှိလို့သာ ငြိမ်နေရတာလို့ ဝန်ခံခဲ့ပါတယ်။ ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်းတွေအပေါ် အစ္စရေး စစ်တပ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ICCက ဆုံးဖြတ်ပြီး ၂၀၂၄ မှာ နေတန်ညာဟုကို ဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။
နေတန်ညာဟုဟာ ပါလက်စတိုင်းတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ သူ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် အခြေအမြစ် မရှိတဲ့ မုသားစကားတွေကို UN မိန့်ခွန်းမှာ ပြောကြားသွားခဲ့ကြောင်း မမ်ဒါနီက ပြောပါတယ်။ နေတန်ညာဟု မိန့်ခွန်းပြောနေချိန် UN ဌာနချုပ်နားမှာ ပါလက်စတိုင်းအရေး တက်ကြွလှုက်ရှားသူတွေကလည်း ဆန္ဒပြခဲ့ပြီး တချို့ကို လုံခြုံရေး အရာရှိတွေက ယာယီ ထိန်းသိမ်းခဲ့ရပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ် ပြုခဲ့ပြီး အစ္စရေး ထိန်းချုပ်ထားရာ ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသကနေ တင်ပို့တဲ့ အစ္စရေး သွင်းကုန်တွေ အပေါ်မှာလည်း ကန့်သတ်မှုတွေ ပြဋ္ဌာန်းထားပါတယ်။ နေတန်ညာဟုက ဗြိတိန်နဲ့ ပြင်သစ်ရဲ့ နယ်ချဲ့ကိုလိုနီ အတိတ်ဟောင်းတွေကို ပြန်တူးဆွပြီး သူ့မိန့်ခွန်းထဲမှာ ဝေဖန်ခဲ့ပါတယ်။
အစ္စရေးလို နိုင်ငံသေးသေးလေးက နယ်ချဲ့နေတယ်လို့ ဗြိတိန်နဲ့ ပြင်သစ်တို့က စွပ်စွဲပေမယ့် ဘယ်သူက အစ္စရေးကို စွပ်စွဲနေတာလဲ ဆိုတာကို ပြန်ကြည့်ဖို့ လိုကြောင်း၊ တကယ်တော့ ကိုလိုနီပြု နယ်ချဲ့တယ်ဆိုတဲ့ ဝေါဟာရကို အဲဒီနိုင်ငံတွေက တီထွင်ခဲ့တာလို့တောင် ဆိုနိုင်ကြောင်း နေတန်ညာဟုက ပြောပါတယ်။
သူက အီရန်နဲ့ ပတ်သက်ရင်လည်း ပြင်းထန်တဲ့ ဝေါဟာရတွေ သုံးနှုန်း ဝေဖန်ခဲ့ပြီး အီရန် အစိုးရကို လူသတ်အာဏာရှင်တွေလို့ ချိုးချိုးဖဲ့ဖဲ့ ပြောကြားသွားပါတယ်။ အစ္စရေးကို ဖျက်ဆီးပစ်ချင်နေတဲ့ လူသတ်အာဏာရှင်တွေ လက်ထဲကို တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ပေးနိုင်တဲ့ အနုမြူဗုံးတွေ၊ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်မသွားအောင် တားဆီးဖို့ သူစိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း နေတန်ညာဟုက ဆိုပါတယ်။
သူ့မိန့်ခွန်းထဲမှာတော့ နေတန်ညာဟုက အစ္စရေး ထောက်လှမ်းရေးက တီထွင်ခဲ့ပြီး pagerတွေထဲမှာ ဝှက်ထားလို့ရတဲ့ အသေးစား ဗုံးလက်နက် အကြောင်းကိုလည်း ကြွားဝါသွားခဲ့ပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပြုထားတဲ့ လက်ဘနွန် အခြေစိုက် ပြောက်ကျားအဖွဲ့ ဟစ်ဇ်ဘိုလာကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးမှာ အဲဒီ pagerဗုံးတွေက အထူးအောင်မြင်မှု ရခဲ့ပေမယ့် အပြစ်မဲ့ အရပ်သား ပြည်သူ အများအပြားကိုလည်း ထိခိုက်သေဆုံးစေခဲ့ပါတယ်။
သူက တူရကီဟာ ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်ကို ထောက်ခံနေပါတယ်လို့လည်း ယိုးစွပ်ခဲ့ပြီး တူရကီ သမ္မတ ရာဂျစ် တာယစ် အာဒိုဝမ်ကို အာဏာရှင် တစ်ဦးလို့ ပုတ်ခတ်သွားခဲ့ပါတယ်။
နေတန်ညာဟုဟာ နယူးယောက်မှာ မိန့်ခွန်းပြောတုန်း ခဏလောက်သာ နေခဲ့ပြီး ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေ အရှိန်အဟုန် မြင့်နေတဲ့ အစ္စရေးဆီ အမြန်ပြန်သွားခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ် အတောအတွင်း ဘယ်ထိပ်တန်း အမေရိကန် အရာရှိနဲ့မှလည်း မတွေ့ဖြစ်ခဲ့ပါဘူး။
ကိုးကား: AFP



















































