ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ကားနဲ့ အတိုက်ခံရလို့ အမေရိကန် နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီးရဲ့သားဟာ အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိရပါတယ်။
အစ္စရေးက ထိန်းချုပ်ထားရာ အနောက်ဖက် ကမ်းခြေဒေသမှာ စက်တင်ဘာ ၂၃ ရက်နေ့က အဲဒီ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ သံအမတ်ကြီး ယီချေးလ် လိုင်တာရဲ့ သားဖြစ်သူ အစ္စရေးစစ်တပ် အရန်တပ်ဖွဲ့ဝင် နီရီရာ လိုင်တာဟာ ဒဏ်ရာ ဆိုးဆိုးရွားရွား ရသွားပြီး ဂျေရုဆလင်မြို့က ဆေးရုံတစ်ခုဆီ အမြန်ဆုံး တင်ပို့ထားရပါတယ်။
သူဟာ အနောက်ဖက် ကမ်းခြေဒေသက ဘေ့ထ်ဟိုရွန် ဧရိယာနားက လုံခြုံရေးဂိတ်မှာ တာဝန်ယူ စောင့်ကြပ်နေတုန်း ကားတစ်စီးက တမင်ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အနားက ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် ပါလက်စတိုင်း ယာဉ်မောင်း မာမွတ် မူဟာမက် မာမွတ် ဆူလိုင်မန်ကတော့ အဲဒီနေရာမှာပဲ ပစ်ခတ်ရှင်းလင်း ခံခဲ့ရကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
သံအမတ်ကြီးက သူ့သား အသက်ရှင်ဖို့ဆိုရင် တကယ့်ကို အံ့ဖွယ်သရဲ ကံကောင်းမှုမျိုး လိုအပ်နေကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ ဆုတောင်းခြင်းရဲ့ စွမ်းအားကို သူယုံကြည်ကြောင်း၊ အစ္စရေး ပြည်သူတွေရဲ့ စုပေါင်းပြီး ဆုတောင်းပေးမှုကြောင့် ထူးခြားအံ့ဖွယ်တွေ ဖြစ်လာမယ်လို့ သူယုံကြည်ချင်ကြောင်း လိုင်တာက ဆိုပါတယ်။

Public Service Announcement
အစ္စရေးရဲ့ ရန်သူတော် ပါလက်စတိုင်း ပြောက်ကျားတပ်ဖွဲ့ ဟားမားစ်က အခုတိုက်ခိုက်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ဒီကိစ္စမျိုးဟာ အနောက်ဖက် ကမ်းခြေဒေသနဲ့ ဂျေရုဆလင်မှာ အစ္စရေး ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ပါလက်စတိုင်း ပြည်သူတွေဆီက သဘာဝကျတဲ့ တုံ့ပြန်မှုလို့ မှတ်ချက်ပေးခဲ့ပါတယ်။
သံအမတ်ကြီး လိုင်တာရဲ့ သားအကြီးဖြစ်သူ မိုရှေး ယီဒစ်ယာ လိုင်တာကတော့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဂါဇာ ကမ်းမြှောင် ဒေသမှာ အစ္စရေး ဆင်နွှဲနေတဲ့ စစ်ဆင်ရေးအတွက် ပါဝင်တိုက်ခိုက်ရင်း အသက် ၃၉ နှစ် အရွယ်မှာ သေဆုံးခဲ့ပါတယ်။
အနောက်ဖက် ကမ်းခြေဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း ရေပူစမ်း တစ်ခုမှာ ရေချိုးနေတဲ့ အစ္စရေး အမျိုးသား တစ်ဦး ပစ်သတ်ခံခဲ့ရပါသေးတယ်။ နောက်တော့ အစ္စရေး စစ်တပ်ဟာ ပစ်ခတ်မှု သံသယ တရားခံ အမျိုးသားကို အနောက်ဖက် ကမ်းခြေဒေသထဲက ရမ်မယ်လာ မြို့နားက ဆေးရုံတစ်ခုမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး သတ်ဖြတ်မှု ကျူးလွန်သူတွေကို သေဒဏ်စီရင် ချမှတ်ပေးဖို့ အစ္စရေး အစိုးရရဲ့ လက်ယာစွန်းဝါဒီ အမျိုးသား လုံခြုံရေး ဝန်ကြီး အစ်တမာ ဘန်ဂါဗားက တိုက်တွန်း တောင်းဆိုထားပါတယ်။
ဂါဇာစစ်ပွဲ စတင်ခဲ့ချိန်နောက်ပိုင်း တခြားပါလက်စတိုင်း နယ်မြေတစ်ခုဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာလည်း အစ္စရေး စစ်တပ်ဟာ လုံခြုံရေးနဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် အကြမ်းဖက် လုပ်ရပ်တွေနဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရသူတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေကို အစ္စရေးက အကောင်အထည် ဖော်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးတွေနဲ့ ဆက်စပ်ပြီး ပါလက်စတိုင်း ဒေသခံ ထောင်သောင်းချီပြီး အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ရကြောင်းလည်း သိရပါတယ်။
ကိုးကား: CNN



















































