သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဒုက္ခသည်အဖြစ် ဝင်ရောက် အခြေချခွင့် ရသူတွေကို ပြန်လည် သုံးသပ် စစ်ဆေးဖို့ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်ကြားထားပါတယ်။
အဲဒီအကြောင်း ညွှန်ကြားထားတဲ့ ရုံးတွင်းစာရွက်စာတမ်းကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ AP သတင်းဌာနက မျက်မြင် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ စစ်ဒဏ်နဲ့ အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပန်းမှုဒဏ် ခံနေရတဲ့ နိုင်ငံတွေကနေ ထွက်ပြေးခိုလှုံလာသူတွေကို ဒုက္ခသည်အဖြစ် ဆယ်စုနှစ်တွေနဲ့ချီ လက်ခံခဲ့ပေမယ့် အခုတော့ မူဝါရေးရာ ကြီးကြီးမားမား အပြောင်းအလဲတွေ စတင်လာတော့မယ့် သဘောပါ။
ဒုက္ခသည် သတ်မှတ်ချက်နဲ့ ရောက်ရှိနေသူတွေကို ပြန်လည်စိစစ်မယ်ဆိုတဲ့ သတင်းက ဘိုင်ဒန်တာဝန်ယူတဲ့ ၄ နှစ်သက်တမ်း ကာလအတွင်း အမေရိကန်ကို ဒုက္ခသည်အဖြစ် ရောက်ရှိလာသူ ၂ သိန်းနီးပါးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။
တခြားတစ်ဖက်မှာတော့ အစိုးရရဲ့ အဲဒီ အားထုတ်မှုအပေါ် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တရားရေးအရ စိန်ခေါ် ဟန့်တားတာမျိုးတွေ ရှိလာနိုင်ပါတယ်။ အဲဒီ အဖွဲ့အစည်းတွေက ဒီကိစ္စဟာ ဇာတိနိုင်ငံမှာ ဒုက္ခတွေကြုံနေလို့ အမေရိကန်မှာ ဘဝသစ် အစပြုချင်သူတွေအပေါ် အစိုးရရဲ့ နောက်ထပ် သွေးအေးရက်စက်တဲ့ လုပ်ရပ်တစ်ခုလို့ စွပ်စွဲ ဝေဖန်ခဲ့ကြပါတယ်။

Public Service Announcement
APက တွေ့ရှိခဲ့တဲ့ ရုံးတွင်း ညွှန်ကြားချက်ကို အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) ညွှန်ကြားရေးမှူး ဂျိုးဆက် အက်ဒ်လိုက လက်မှတ်ရေးထိုးခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ ရက်စွဲ တပ်ထားတယ်လို့ ဆိုပါတယ်။ ညွှန်ကြားချက်ထဲမှာတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ထိ အတောအတွင်း အမေရိကန်က ဒုက္ခသည်အဖြစ် လက်ခံထားသူ အားလုံးကို သုံးလတာအတွင်း ပြန်လည် မေးမြန်းစစ်ဆေးစေဖို့ ပါရှိခဲ့ပါတယ်။
ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒုက္ခသည်တွေ အားလုံးဟာ အမေရိကန်ကို ဝင်ရောက်ခွင့်ရဖို့ နှစ်တွေနဲ့ချီ စောင့်ဆိုင်းခဲ့ရပြီး အမှန်တကယ် အကူအညီ လိုအပ်နေသူတွေလို့ ပြောပါတယ်။
ညွှန်ကြားချက်ထဲမှာတော့ ဖော်ပြပါ အချိန်အပိုင်းအခြားအတွင်း ရောက်ရှိလာတဲ့ ဒုက္ခသည်တွေအတွက် green card ထုတ်ပေးမယ့် ကိစ္စတွေကိုလည်း ချက်ချင်း ဆိုင်းငံ့ထားစေဖို့ ပါရှိခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေမှာ လူတစ်ဦးတစ်ယောက်ဟာ ဒုက္ခသည် စံနှုန်းတွေနဲ့ မညီဘဲ ပြည်တွင်းကို ဝင်ရောက်လာကြောင်း ဆုံးဖြတ်လိုက်ပြီဆိုရင် အဲဒီအပေါ် အယူခံဝင်ခွင့်လည်း ရှိမှာ မဟုတ်ဘူးလို့ APက ဆိုပါတယ်။ ဒါ့အပြင် green card ရပြီးသား ဒုက္ခသည်တွေရဲ့ အနေအထားကိုပါ ပြန်လည် စစ်ဆေးဖို့ ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။
USCISဟာ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန လက်အောက်ခံ ဌာနခွဲတစ်ခု ဖြစ်ပါတယ်။ အိမ်ဖြူတော်ကတော့ အခု ညွှန်ကြားချက်နဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးဖြစ်တဲ့ ထရမ့်ဟာ ရွှေ့ပြောင်းအခြေချမှုတွေကို ဖြိုခွင်းမယ့် မူဝါဒတွေကို အင်တိုက်အားတိုက် အကောင်အထည် ဖော်နေပါတယ်။ မကြာသေးခင်ကတော့ ထရမ့်ဟာ လာမယ့်နှစ်အတွက် အမေရိကန်က လက်ခံမယ့် ဒုက္ခသည် ဦးရေကို ၇၅၀၀ ထိ လျှော့ချခဲ့ပြီး တောင်အာဖရိကနိုင်ငံရဲ့ လူဖြူတွေကိုပဲ အဓိက လက်ခံသွားရမယ်လို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီ အရေအတွက်ဟာ ဒုက္ခသည် လက်ခံရေး အစီအမံ စတင်တဲ့ ၁၉၈၀ နောက်ပိုင်း စံချိန်တင် အနည်းဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုးကား: AP
















































