သုံးနှစ်အရွယ် ကလေးငယ် တစ်ဦးကို အစ္စရေးစစ်သားတွေက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေအပေါ် စုံစမ်း စစ်ဆေးသွားမယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှ ဒီဇင်ဘာ ၇ ရက်နေ့တုန်းက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ် အာဟက် တာရက် အယ်လ်ဘာယွတ်ခ်ကို အစ္စရေး စစ်သားတွေက ပစ်သတ်ခဲ့ကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မိန်းကလေးဟာ ဂါဇာတောင်ပိုင်း၊ ရာဖာဟ်မြို့မှာ သူ့မိသားစု နေထိုင်တဲ့ ရွက်ဖျင်တဲနားမှာ ဆော့ကစားနေရင်း ကျည်ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။
အစ္စရေး စစ်တပ်ကတော့ အဲဒီနေရာတဝိုက်မှာ တိုက်ခိုက်မှု တစ်ခုခု ဖြစ်ပွားခဲ့တယ်လို့ သိမထားကြောင်း၊ ဒါပေမဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သုံးသပ် စစ်ဆေးသွားမှာဖြစ်ကြောင်း၊ ထပ်မံ သိရှိလာတဲ့ အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Public Service Announcement
အယ်လ်ဘာယွတ်ခ်ဟာ ဂါဇာ မျဉ်းဝါစည်းရဲ့ ပါလက်စတိုင်းဖက်ခြမ်းမှာ ရှိနေရင်း သေဆုံးခဲ့တာပါ။ မျဉ်းဝါစည်း ဆိုတာက အမေရိကန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုအရ အစ္စရေးတပ်တွေ ဆုတ်ခွာပေးထားတဲ့ နယ်နိမိတ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
အောက်တိုဘာလမှာ အစ္စရေးနဲ့ ဟားမားစ်ပြောက်ကျားတွေကြား အပစ်အခတ် ရပ်စဲရေး စတင် အသက်ဝင်လာခဲ့ပေမယ့် အဲဒီနောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေး ၁၄၀ အပါအဝင် ဂါဇာမှာ လူပေါင်း ၃၇၀ ထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ထုတ်ပြန်ထားပါတယ်။
ဂါဇာမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့က စစ်ပွဲ စတင်ခဲ့ချိန် ကတည်းက ဆိုရင်တော့ ပါလက်စတိုင်း ၇၀၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဟားမားစ်က ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဟားမားစ်တွေက အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးတာ၊ ဓားစာခံ ရုပ်အလောင်းတွေကို ပြန်လွှဲပေးတာမျိုး တိုးတက်မှုတွေ ရှိခဲ့တဲ့နောက် အပစ်ရပ် သဘောတူညီမှုရဲ့ ဒုတိယအဆင့် လုပ်ငန်းစဉ်တွေကို မကြာခင် ရက်ပိုင်းအတွင်း စတင် ဆွေးနွေးနိုင်ဖို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဂါဇာမှာ အပစ်ရပ်ရေးအတွက် အမေရိကန်နဲ့အတူ ထဲထဲဝင်ဝင် ညှိနှိုင်းပေးခဲ့တဲ့ ကာတာ အစိုးရရဲ့ ဝန်ကြီးချုပ် ရှိတ်ခ် မိုဟာမက် ဘင် အက်ဘ်ဒူရာမန် အယ်လ်သာနီကတော့ လက်ရှိ အနေအထားဟာ အပစ်ရပ်ထားတာထက် တိုက်ပွဲတွေ ခဏလေး နားထားတာနဲ့ ပိုတူနေပြီး ဂါဇာ ငြိမ်းချမ်းရေးအတွက် ပိုပြီး ခိုင်မာသေချာအောင် အမေရိကန်၊ တူရကီ၊ အီဂျစ် အစိုးရတွေနဲ့အတူ ပိုမို တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။
ကိုးကား: BBC

















































