Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ ပါလက်စတိုင်း အရပ်သားတွေကို ဖိနှိပ်နေမှုအတွက် အစ္စရေးကို ၂၈ နိုင်ငံ စုပေါင်းရှုတ်ချ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အရပ်သားတွေ ထိခိုက်နာကျင်ရအောင် အစ္စရေးက ဖိနှိပ်လုပ်ဆောင်နေတာ မှန်သမျှကို နိုင်ငံပေါင်း ၃၀ နီးပါးက စုပေါင်းပြီး ရှုတ်ချလိုက်ကြပါတယ်။

Reuters

ဂါဇာ ကမ်းမြှောင်ဒေသမှာ အရပ်သားတွေ ထိခိုက်နာကျင်ရအောင် အစ္စရေးက ဖိနှိပ်လုပ်ဆောင်နေတာ မှန်သမျှကို နိုင်ငံပေါင်း ၃၀ နီးပါးက စုပေါင်းပြီး ရှုတ်ချလိုက်ကြပါတယ်။

ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ နယူးဇီလန်၊ ဆွစ်ဇာလန် အစရှိတဲ့ နိုင်ငံပေါင်း ၂၈ ခု ပူးပေါင်း လက်မှတ်ရေးထိုးထားတဲ့ ဇူလိုင် ၂၂ ရက်နေ့ သဘောထား ထုတ်ပြန်ချက်မှာတော့ ဂါဇာစစ်ပွဲကို အမြန်ဆုံး ရပ်တန့်စေဖို့လည်း အစ္စရေးကို တောင်းဆိုထားပါတယ်။

အဲဒီ ကြေညာချက်ထဲမှာတော့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေအတွင်း ဂါဇာမှာ ပါလက်စတိုင်း အရပ်သားတွေ သေဆုံးနေရတာ၊ စစ်ဘေးသင့် ပြည်သူတွေဆီ ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှမှုအတွက် အစ္စရေး ကျင့်သုံးနေတဲ့ နည်းလမ်းတွေက ရက်စက်ဆိုးရွားလွန်းတာတွေကို အပြင်းအထန် ဝေဖန်ထားပါတယ်။

အစ္စရေးဟာ ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှမှုကို ရေစက်တစ်စက်ချင်း ချပေးသလို မစို့မပို့သာ ခွင့်ပြုထားကြောင်း အဲဒီ ကြေညာချက်မှာ ဥပမာပေး ရေးသားထားခဲ့ပါတယ်။ နောက်ပြီး ရိက္ခာဝေငှပေးတဲ့ နေရာတွေမှာ စုဝေးနေတဲ့ ပါလက်စတိုင်း ပြည်သူတွေကို အစ္စရေး စစ်တပ်က လူမဆန်တဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့လည်း ပြစ်တင် ရှုတ်ချထားပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ် ပြောက်ကျားတွေရဲ့ လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ဇူလိုင် ၁၉ နဲ့ ၂၀ နှစ်ရက်တာအတွင်း ဂါဇာအနှံ့က ရိက္ခာ ဝေငှရေး စခန်းတွေမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ရရှိဖို့ စောင့်ဆိုင်းနေသူ အရပ်သားတွေကို အစ္စရေး စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်လို့ လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ကြေညာထားပါတယ်။ နောက်ပြီး အဲဒီ နှစ်ရက်အတွင်း ဂါဇာမှာ အစ္စရေး ပိတ်ဆို့မှုတွေ ဒဏ်ကြောင့် အစာရေစာ ငတ်ပြတ်ပြီး လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

အစ္စရေး စစ်တပ်ကတော့ ရိက္ခာဝေတာကို စောင့်နေတဲ့ ပါလက်စတိုင်းတွေကို တိုက်ခိုက်ခဲ့တယ် ဆိုတာကို မငြင်းပေမယ့် အဲဒီလူအုပ်ကြီးတွေက အနီးမှာရှိတဲ့ အစ္စရေး တပ်ဖွဲ့ဝင်တွေကို ရန်လိုလာတာကြောင့် လုံခြုံရေးအရ ခြောက်လှန့် ပစ်ခတ်ရတာ ဆိုတာမျိုးသာ အကြောင်းပြလေ့ ရှိပါတယ်။

နိုင်ငံ ၂၈ ခု စုပေါင်းထုတ်ပြန်တဲ့ သဘောထား ကြေညာချက်ကိုတော့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချထားပြီး အရှိတရားနဲ့ ကင်းကွာနေတဲ့၊ ဟားမားစ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အမှားတွေကို ဖြန့်ဝေနေတဲ့ ထုတ်ပြန်မှုမျိုးလို့ တန်ပြန် စွပ်စွဲထားပါတယ်။

တကယ်တမ်းမှာတော့ ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်း ဝေငှမှုတွေကို အနှောင့်အယှက်မျိုးစုံ ပေးနေတာ ဟားမားစ်တွေသာ ဖြစ်ပြီး မုသားတွေကိုလည်း ဖြန့်ဝေနေတယ်လို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အပစ်အခတ် ရပ်စဲရေးနဲ့ ဓားစာခံတွေ လွှတ်ပေးရေး ကိစ္စတွေမှာ အာရုံစိုက် ညှိနှိုင်းရမယ့်အစား ဟားမားစ်တွေက အစ္စရေးကို သိက္ခာချ နာမည်ဖျက်နေတာလို့လည်း အစ္စရေးရဲ့ တုံ့ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လဆန်းပိုင်းက စတင်ခဲ့တဲ့ အစ္စရေး-ဟားမားစ် စစ်ပွဲတလျှောက် ဂါဇာမှာ ပါလက်စတိုင်း ၆၀၀၀၀ နီးပါးထိ သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဒဏ်ခံ အဆောက်အအုံတစ်ခု ပြိုကျလို့ ကလေးတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေပါ အများအပြား သေဆုံးမယ်ဆိုတာ သိလျက်နဲ့ အစ္စရေး စစ်တပ်က အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှု နည်းလမ်းတွေအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ဂျူးအခြေချ နေထိုင်သူတွေက တရားမဝင် ဆောက်လုပ်ထားတဲ့ စခန်းတွေကို ဖယ်ရှားဖို့ အစ္စရေး ဝန်ကြီးချုပ်က အမိန့်ပေးထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ မော်တော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ၂ နှစ်ကျော် ကြာမြင့်ပြီးတော့မှ အစ္စရေး စစ်တပ် (IDF)က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။

Facebook