Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စီးပွားရေး မူဝါဒတွေ အလုပ်မဖြစ်တာဟာ ဘိုင်ဒန်ကြောင့်လို့ ထရမ့် အပြစ်တင်

နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေ တိုးတက်မလာတာဟာ သူ့ရဲ့ မူဝါဒတွေကြောင့် မဟုတ်ဘဲ အရင် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကြောင့်လို့ ထရမ့်က အမေရိကန် ပြည်သူတစ်ရပ်လုံးဆီ လိပ်မူတဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေ တိုးတက်မလာတာဟာ သူ့ရဲ့ မူဝါဒတွေကြောင့် မဟုတ်ဘဲ အရင် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကြောင့်လို့ ထရမ့်က အမေရိကန် ပြည်သူတစ်ရပ်လုံးဆီ လိပ်မူတဲ့ မိန့်ခွန်းထဲမှာ စွပ်စွဲ ပြောကြားသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းက ပြောကြားတဲ့ ၁၈ မိနစ်ကြာ မိန့်ခွန်းထဲမှာတော့ ထရမ့်က သူ့ရဲ့ မူဝါဒတွေ ကောင်းကောင်းကြီး အသက်ဝင် လည်ပတ်မလာသေးခင် ကြားကာလတွေမှာ အမေရိကန် ပြည်သူတွေ အနေနဲ့ စိတ်ရှည် သည်းခံပေးကြဖို့လည်း တောင်းဆိုသွားပါတယ်။

လူထုအမြင် စစ်တမ်းတွေမှာ ထောက်ခံမှုတွေ ကျဆင်းနေတဲ့အချိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ထရမ့်က သမ္မတဟောင်း ဘိုင်ဒန် ချန်ထားခဲ့တဲ့ အရှုပ်ထုပ်ကြီးကို ရှင်းရတာ မလွယ်လှဘဲ အချိန်နဲ့ အားထုတ်မှုတွေ အများကြီး လိုနေသေးတယ်လို့ ပြောကြားသွားပါတယ်။

မကြာသေးခင်က NPRနဲ့ PBS သတင်းဌာနတွေ ပူးတွဲ ကောက်ယူတဲ့ စစ်တမ်းတစ်ခုမှာတော့ ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက ထရမ့်ရဲ့ စီးပွားရေး မူဝါဒတွေဟာ ကောင်းကျိုးဖြစ်ထွန်းစေတယ်လို့ မခံစားရကြောင်း ပြောပါတယ်။ ၃၉ ရာခိုင်နှုန်းကတော့ အလုပ်ဖြစ်နေတယ်လို့ ယူဆကြောင်း ပြောပါတယ်။ ဒါပေမဲ့ စစ်တမ်းဖြေဆိုသူ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်က လူနေမှုစရိတ်တွေဟာ ထရမ့်ရဲ့ မူဝါဒတွေကြောင့် ပိုကြီးမားလာနေတယ်လို့ ညည်းညူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ ပြိုင်ဘက်တွေကိုရော၊ မိတ်ဖက်တွေအပေါ်မှာပါ ပိုပြီး ရန်လိုတဲ့ ချဉ်းကပ်မှု ပုံစံတွေ ပြောင်းလဲခဲ့ပြီး အကျိုးဆက်က ပြည်တွင်း လူနေမှုစရိတ်တွေကို တိုးလာစေတယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။ ၂၀၂၆ နှစ်မှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲမှာတော့ စီးပွားရေး မူဝါဒတွေဟာ အဓိက အနိုင်အရှုံး အဓိက အဆုံးအဖြတ်ပေးမယ့် အကြောင်းတရား ဖြစ်လာနိုင်ပါတယ်။ အာဏာရပါတီရဲ့ တချို့သော အမတ်တွေက ထရမ့်အနေနဲ့ မူဝါဒရေးရာ ချဉ်းကပ်မှုတွေမှာ အပြောင်းအလဲတွေကို စဉ်းစားဖို့ တိုက်တွန်းလာနေကြပါတယ်။

မိန့်ခွန်းထဲမှာတော့ ထရမ့်က စစ်မှုထမ်း ၁.၅ သန်းနီးပါးအတွက် ၁၇၇၆ ဒေါ်လာစီ ဘောနပ်စ်ပေးသွားဖို့ စီစဉ်နေတဲ့ ကိစ္စကိုလည်း ထည့်ပြောသွားပါတယ်။ သူက နိုင်ငံအတွက် အမှုထမ်းပေးနေသူတွေကို အခုလိုမျိုး ခံစားခွင့်တွေ ပေးအပ်နိုင်အောင် သူ့ရဲ့ အခွန်မူဝါဒတွေက အများကြီး ကူညီပေးခဲ့တယ်လို့လည်း ကြွေးကြော်ခဲ့ပါတယ်။ ၁၇၇၆ ဒေါ်လာဆိုတာ အမေရိကန် လွတ်လပ်ရေး ရခဲ့တဲ့ ခုနှစ်ကို ရည်ညွှန်းတဲ့ ကိန်းဂဏန်းပါ။

စစ်မှုထမ်းတွေကို ဘောနပ်စ်ပေးမယ့် ကိစ္စကလွဲလို့ ထရမ့်ရဲ့ မိန့်ခွန်းထဲမှာ ထူးထူးခြားခြား မူဝါဒသစ်၊ အစီအမံသစ်တွေအကြောင်း ထည့်ပြောသွားတာမျိုး မရှိခဲ့ပါဘူး။

ထရမ့်က စီးပွားရေး ဦးမော့လာအောင် ကြိုးစားရတဲ့အခါ အချိန်ယူရတဲ့အတွက် ပြည်သူတွေ အနေနဲ့ စိတ်ရှည်သင့်တယ်လို့ ပြောပါတယ်။ သူက ဖက်ဒရယ် ရန်ပုံငွေဌာန အကြီးအကဲသစ် တစ်ဦးကို ခန့်အပ်တော့မှာမို့ ၂၀၂၆ ခုနှစ်ကျရင် သိသာတဲ့ အပြောင်းအလဲတွေ စပြီး မြင်ရလိမ့်မယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး လာမယ့်နှစ်မှာ အိမ်ရာ မူဝါဒဆိုင်ရာ အကြီးစား ပြင်ဆင် ပြောင်းလဲမှုတွေကိုလည်း ကြေညာမယ်လို့ ထရမ့်က ပြောပါတယ်။

ထရမ့်က သူဟာ ချောက်ထဲကျလုနီးပါး နိုင်ငံကို ဆက်ခံ တာဝန်ယူခဲ့ရတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ စျေးတွေတက်နေတဲ့ ကိစ္စကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းဖို့ စီစဉ်နေကြောင်းလည်း အာမခံခဲ့ပါတယ်။ အမေရိကန် ပြန်လာလိမ့်မယ်လို့လည်း သူက ကြွေးကြော်ပါတယ်။ အဲဒီအခါ အမေရိကန်ဟာ အရင်ကထက် သန်မာနေမှာ ဖြစ်ကြောင်း၊ သမိုင်းမှာ ဘယ်တုန်းကမှ မမြင်ဖူးလောက်အောင် စီးပွားရေး ပွင့်လန်း တိုးတက်မှုတွေ ရရှိလာစေမှာဖြစ်ကြောင်းလည်း ထရမ့်က မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။