Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းနဲ့ ကမ္ဘောဒီးယား ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲ

သီတင်းသုံးပတ်လောက်ကြာအောင် တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားပြီးတဲ့နောက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲလိုက်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters

သီတင်းသုံးပတ်လောက်ကြာအောင် တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားပြီးတဲ့နောက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲလိုက်ပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းကစလို့ နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်ဆိုင်းစေခဲ့ကြောင်း ထိုင်းနဲ့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနတွေက အသီးသီး ကြေညာခဲ့ပါတယ်။ အဲဒီ အရှေ့တောင်အာရှ နှစ်နိုင်ငံဟာ ဇူလိုင်လကုန်ပိုင်းကလည်း နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ၅ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် ပထမအကြိမ် အပစ်ရပ်ခဲ့ဖူးပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၇ ရက်နေ့မှာ နောက်ထပ် စစ်ရေးပဋိပက္ခတွေ ထပ်စလာခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအကြိမ် အပစ်ရပ် သဘောတူညီမှုအရ နှစ်ဖက်စလုံးဟာ နယ်စပ်တလျှောက် ရှေ့တန်း စစ်မျက်နှာတွေမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး နောက်ထပ် စစ်ကူတွေ ဖြန့်ကျက်မှုကိုလည်း ဆိုင်းငံ့ထားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ရှောင် ဒေသခံတွေ နေရပ်ပြန်နိုင်ရေးကိုလည်း အဆောတလျင် ကူညီပေးရမှာ ဖြစ်ပါတယ်။

အပစ်ရပ်မှုဟာ ၇၂ နာရီကြာ တည်တံ့နေမယ်ဆိုရင် ဇူလိုင်လ ကတည်းက ထိုင်းဖက်က ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သား ၁၈ ဦးကို ပြန်လွှတ်ပေးဖို့ကိုလည်း နှစ်ဖက် သဘောတူထားတယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်နိုင်ငံကြား ရက်အတော်ကြာ စေ့စပ်ဆွေးနွေးမှု၊ အမေရိကန်နဲ့ တရုတ် အစိုးရတွေရဲ့ ကြားဝင် ညှိနှိုင်းပေးမှုတွေ အပြီးမှာ အပစ်ရပ် သဘောတူညီမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေးရဲ့ ဦးစားပေး ရည်ရွယ်ချက်တွေထဲမှာ စစ်ရှောင်တွေ နေရပ် ပြန်နိုင်ရေးနဲ့ နယ်စပ်တလျှောက်က မြေမြှုပ်မိုင်းတွေကို ရှင်းလင်းရေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားဖက်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ထိုင်းစစ်သား ၉ ဦးထက်မနည်းဟာ ကိုယ်အင်္ဂါ ပြတ်တောက် ဆုံးရှုံးမှုတွေ ကြုံခဲ့ရပြီး ဖြစ်ပါတယ်။ ထိုင်းကာကွယ်ရေး ဝန်ကြီး နတ်သန်ဖွန် နက်ခ်ဖာနစ်ကတော့ အပစ်ရပ် သဘောတူညီမှုဟာ တစ်ဖက်နိုင်ငံရဲ့ သဘောထား စစ်မှန်မှုကို တိုင်းတာဆန်းစစ်တဲ့ အခြေအနေ တစ်ခု ဖြစ်လာမယ်လို့ ပြောပါတယ်။

တကယ်လို့ အပစ်ရပ် သဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင်၊ ဒါမှမဟုတ် ချိုးဖောက်ရင် ထိုင်းဟာလည်း နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်နဲ့ တုံ့ပြန်မှာဖြစ်ကြောင်း သူက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး မဟာမင်းကြီး ဗိုလ်ကာတာ့ခ်ကတော့ အပစ်ရပ် သဘောတူညီမှုဟာ အလုံးစုံ ငြိမ်းချမ်းရေး ရရှိဖို့ လမ်းဖွင့်ပေးမှု ဖြစ်လာဖို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဥရောပ သမဂ္ဂ (EU)ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကလည်း ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီမှုကို ယုံကြည်မှု အပြည့်အဝနဲ့ မျှော်လင့်ချက် ထားလိုကြောင်း ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ ထိုင်းဟာ ဇူလိုင် အပစ်ရပ် သဘောတူညီမှုကို ကမ္ဘောဒီးယားဖက်က ထိထိရောက်ရောက် မလိုက်နာခဲ့ဘူးလို့ စွပ်စွဲပြီး နောက်တစ်ကြိမ် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ ပြီးတော့ ကမ္ဘောဒီးယားဟာ နှစ်နိုင်ငံကြားက ပဋိပက္ခကို နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာအောင် အားထုတ်ခဲ့တယ်လို့ ထိုင်းက စွပ်စွဲခဲ့ပါတယ်။

ပထမတစ်ကြိမ် အပစ်ရပ်မှုနဲ့ မတူညီတာကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တိုက်ရိုက်ပါဝင် စေ့စပ်မှု မရှိတော့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ညှိနှိုင်းမှုတွေမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

မူလ အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ပြီး ဒီဇင်ဘာ ၇ ရက်မှာ တိုက်ပွဲတွေ ပြန်စခဲ့တာနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ကတိချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ