Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်ကို သိမ်းယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း နှစ်သစ်ကူး မိန့်ခွန်းမှာ ရှီကျင့်ဖျင်ပြော

ထိုင်ဝမ်ကို တရုတ်ပိုင်နက်ထဲ ပေါင်းစည်း သိမ်းသွင်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ထိုင်ဝမ်ကို တရုတ်ပိုင်နက်ထဲ ပေါင်းစည်း သိမ်းသွင်းဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က နှစ်သစ်ကူး မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

နှစ်သစ်ကူးကို ကြိုဆိုတဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မိန့်ခွန်းမှာ ရှီက တရုတ်တစ်နိုင်ငံလုံးကို ပြန်လည် ပေါင်းစည်းရေး ရည်မှန်းချက်ဟာ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ထည့်သွင်း အတည်ပြုသွားခဲ့ပါတယ်။ ပြန်လည် ပေါင်းစည်းရေး ဆိုတာက ထိုင်ဝမ်ကျွန်းကို တရုတ်ပိုင်နက်ထဲ သိမ်းသွင်းဖို့ ရည်မှန်းချက်ကို တရုတ်က တရားဝင် သုံးနှုန်းတဲ့ ဝေါဟာရ ဖြစ်ပါတယ်။

ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး တရုတ်က အင်အား အလုံးအရင်းနဲ့ နှစ်ရက်ဆက်တိုက် စစ်ရေး လေ့ကျင့်ခဲ့ပြီး နောက်တစ်နေ့မှာ ရှီက အခုလို မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

တရုတ်က ထိုင်ဝမ်ဟာ နိုင်ငံပိုင်နက် နယ်မြေတစ်ခုလို့ သတ်မှတ်ထားပြီး ထိုင်ဝမ် အစိုးရကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုပဲ လိုလားနေပါတယ်။ တရုတ်က ထိုင်ဝမ် အနေနဲ့ အသာတကြည် ပေါင်းစည်းဖို့ ငြင်းဆန်မယ်ဆိုရင် စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ် ဆိုတာမျိုး ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ထောက်လှမ်းရေးက တရုတ်ရဲ့ စဉ်ဆက်မပြတ် စစ်အင်အား ချဲ့ထွင် တည်ဆောက်မှုတွေအရ ရှီဟာ အချိန်အခါသင့်ပြီလို့ ယုံကြည်တဲ့ တစ်နေ့နေ့မှာ ထိုင်ဝမ်ကို ကျူးကျော်စစ် ဆင်နွှဲလာနိုင်ကြောင်း သတိပေးထားပါတယ်။

ဒီဇင်ဘာ ၂၉ နဲ့ ၃၀ မှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်မှာရှိတဲ့ ခွဲထွက်ရေး ဝါဒီတွေကို သတိပေးဖို့ ရည်ရွယ်ကြောင်း တရုတ် စစ်တပ်က ပြောကြားခဲ့ပြီး လက်နက်ခဲယမ်း ကျည်အစစ်တွေကိုပါ လက်တွေ့ ပစ်ခတ်ခဲ့ပါတယ်။

သူ့ရဲ့ မိန့်ခွန်းမှာ ရှီက တရုတ်ဟာ ကမ္ဘာကြီးကို လက်ကမ်းကြိုဆိုမှာ ဖြစ်ကြောင်းနဲ့ ၂၀၂၅ ခုနှစ်အတွင်း အရေးပါတဲ့ နိုင်ငံတကာ အစည်းအဝေးတွေ၊ အခမ်းအနားတွေ လက်ခံ ကျင်းပခဲ့တဲ့ အကြောင်းတွေကို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

သီးခြားနိုင်ငံ တစ်ခုအဖြစ် ရပ်တည်နေတဲ့ ထိုင်ဝမ်ကို တရုတ်ပိုင်နက်ထဲ သိမ်းသွင်းရေး ဆိုတာဟာ ရှီရဲ့ အရေးအကြီးဆုံး နိုင်ငံရေး ကတိတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းကတော့ ထိုင်ဝမ်မှာ ရှိနေတဲ့ ခွဲထွက်ရေး အင်အားစုတွေနဲ့ သူတို့ကို ပြည်ပက အားပေးအားမြှောက် လုပ်နေတာတွေဟာ ထိုင်ဝမ် ရေလက်ကြားရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို အဓိက ခြိမ်းခြောက်နေတဲ့ အကြောင်းတရားတွေ ဖြစ်တယ်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက စွပ်စွဲ ဝေဖန်ထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ