Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နယူးယောက် မြို့တော်ဝန်အဖြစ် မမ်ဒါနီ ကျမ်းသစ္စာ ကျိန်ဆို

နယူးယောက်မြို့ကို ကြီးကြီးမားမား ဆန်းသစ် တီထွင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ ရာထူးလက်ခံမှု အခမ်းအနားမှာ မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီက ကတိပြု ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters, AFP

နယူးယောက်မြို့ကို ကြီးကြီးမားမား ဆန်းသစ် တီထွင် ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်လို့ သူ့ရဲ့ ရာထူးလက်ခံမှု အခမ်းအနားမှာ မြို့တော်ဝန် ဇိုဟ်ရန် မမ်ဒါနီက ကတိပြု ပြောကြားခဲ့ပါတယ်။

သန်းကြွယ်သူဌေး၊ အရင်းရှင်တွေသာ အစဉ်အလာအရ ထိန်းချုပ်ထားလေ့ရှိတဲ့ နယူးယောက် မြို့တော်ဝန် ရာထူးကို အသက် ၃၄ နှစ်သာ ရှိသေးတဲ့ ဆိုရှယ်လစ် တစ်ဦးဖြစ်သူ မမ်ဒါနီက ရယူနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ မမ်ဒါနီဟာ အဲဒီ ရာထူးကို ပထမဆုံး ရယူနိုင်ခဲ့တဲ့ မွတ်ဆလင်လည်း ဖြစ်လာပါတယ်။

ဒါကြောင့်လည်း ဇန်နဝါရီ ၁ ရက်နေ့က မြို့တော်ဝန်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုချိန်မှာ သူဟာ ခရစ်ယာန် သမ္မာကျမ်းစာအစား၊ အစ္စလာမ် ကိုရန်ကျမ်းနဲ့ ကျိန်ဆိုခဲ့ပါတယ်။

သူဟာ ဒီမိုကရက်တစ် ပါတီရဲ့ ဆိုရှယ်လစ် နိုင်ငံရေးသမား တစ်ဦးအဖြစ် လူထုက သိထားပြီး ရွေးကောက် ခံခဲ့ရတာ ဖြစ်ကြောင်း၊ ဒါကြောင့် သူဟာ ဒီမိုကရက်တစ် ဆိုရှယ်လစ် တစ်ဦးအနေနဲ့ပဲ မြို့တော်ကို တာဝန်ယူ အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း၊ ဝေဖန်မှုတွေကို ကြောက်ပြီး သူယုံကြည်တဲ့ အခြေခံ မူတွေကို စွန့်လွှတ်မှာ မဟုတ်ကြောင်း မမ်ဒါနီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူအဓိက ပြောင်းလဲချင်တဲ့ အရာကတော့ ခပ်သေးသေးပဲ တွေးထားတဲ့ အမြင်တွေကိုဖြစ်ပြီး သူဟာ ရာထူး လက်ခံချိန်ကစလို့ ရဲရဲရင့်ရင့်၊ ရည်မှန်းချက် ကြီးကြီးနဲ့ စီမံ အုပ်ချုပ်သွားမှာ ဖြစ်ကြောင်း၊ သူဦးဆောင်တဲ့ မြို့တော် အစိုးရဟာ ကိစ္စတိုင်းမှာ ကျိန်းသေ အောင်မြင်နေတာမျိုး ဖြစ်ချင်မှ ဖြစ်ပေမယ့် ကြိုးစားကြည့်ဖို့ သတ္တိနည်းတယ်လို့တော့ ဘယ်သူမှ ဝေဖန်ရဲမှာ မဟုတ်ကြောင်းလည်း ပူပူနွေးနွေး မြို့တော်ဝန် အသစ်က ဆိုပါတယ်။

နယူးယောက်မြို့ဟာ အစဉ်အလာတွေကနေ ခွဲထွက်တဲ့ ဆန်းသစ် တီထွင် ပြောင်းလဲမှုတွေကို မြင်ရမှာဖြစ်ပြီး အဲဒီအတွက် လုပ်ငန်းစဉ်တွေက အခုမှ စတင်ရုံသာ ရှိနေသေးကြောင်းလည်း မမ်ဒါနီက ပြောကြားသွားပါတယ်။

နှစ်သစ်ကူးပြီး နောက်တစ်နေ့ ရာသီဥတု အရမ်းအေးခဲနေချိန်၊ နယူးယောက် မြို့တော်ခန်းမမှာ ကျင်းပတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ မမ်ဒါနီကို သူ့လိုပဲ ဒီမိုကရက်တစ် ဆိုရှယ်လစ် နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ အခက်ဇန္ဒရီးရား အော့ကာစီယို ကော့တက်ဇ်က မိတ်ဆက်ပေးခဲ့ပါတယ်။ ကော့တက်ဇ်ကတော့ ၂၀၂၈ ရွေးကောက်ပွဲမှာ အမေရိကန် သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်မယ်လို့ သတင်းကြီးနေသူပါ။

ဗားမောင့်ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်ဖြစ်သူ ဘာနေဆန်းဒါးစ်က မမ်ဒါနီကို တရားဝင် ကျမ်းကျိန်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အမုန်းတရားတွေ၊ သွေးကွဲမှုတွေနဲ့ မတရားမှုတွေ အရမ်းများပြားနေတဲ့ ကာလတစ်ခုမှာ မမ်ဒါနီက နယူးယောက် မြို့တော်ဝန် ဖြစ်လာတာဟာ မျှော်လင့်ချက် အလင်းရောင် ဖြစ်ကြောင်း၊ မမ်ဒါနီဟာ ချမ်းသာကြွယ်ဝသူတွေနဲ့ ရေပေါ်ဆီ လက်တစ်ဆုပ်စာအတွက် မဟုတ်ဘဲ နယူးယောက် ပြည်သူ အားလုံးအတွက်ပါ အလုပ်လုပ်မယ့် မြို့တော်ဝန်ဖြစ်ကြောင်း ချီးကျူး ပြောကြားသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ