မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ သမီးဖြစ်သူဟာ နိုင်ငံတော် ဂူဗိမာန်က အစဉ်အလာ ဂါရဝပြုပွဲ အခမ်းအနား တစ်ခုကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။
ကင်မ်ရဲ့ သမီးဖြစ်သူ ကင်မ်ဂျူအေးဟာ လွန်ခဲ့တဲ့ ၃ နှစ်လောက်မှ လူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် ထွက်ပေါ်လာပြီး အဲဒီနောက်ပိုင်း အရေးပါတဲ့ အခမ်းအနားတွေမှာ ဖခင်ဖြစ်သူရဲ့ မကြာခဏ ပွဲထုတ်မှုကို ခံလာရပါတယ်။ အဲဒီ ဆယ်ကျော်သက် မိန်းကလေးဟာ မြောက်ကိုရီးယား ခေါင်းဆောင်နေရာအတွက် အရိုက်အရာ ဆက်ခံမယ့်သူ အဖြစ်လည်း အလေးအနက် ထင်ကြေးပေး ခံနေရပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့မှာတော့ ဂျူအေးဟာ ဖခင်ဖြစ်သူနဲ့အတူ ကွမ်ဆူဆန် နိုင်ငံတော် ဂူဗိမာန်ဆီ သွားရောက်ပြီး ကွယ်လွန်သူ နိုင်ငံခေါင်းဆောင်တွေကို ရည်စူး ဂါရဝ ပြုခဲ့ပါတယ်။ ကင်မ်တို့ သားအဖနဲ့အတူ ကင်မ်ရဲ့ ဇနီးသည် ရီဆိုလ်ဂျူနဲ့ မြောက်ကိုရီးယား ထိပ်တန်း စစ်ဘက်၊ အရပ်ဖက် အရာရှိကြီးတွေလည်း အဲဒီ ဂါရဝပြုမှု အခမ်းအနားကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဂျူအေးရဲ့ ပုံရိပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာခဲ့ပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီကတော့ ဂျူအေးဟာ မြောက်ကိုရီးယားကို သားစဉ်မြေးဆက် အုပ်ချုပ်နေပြီး ကင်မ်မင်းဆက်လို့ ခေါ်ဝေါ်ခံရတဲ့ မိသားစုထဲမှာ စတုတ္ထမျိုးဆက် နိုင်ငံခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ခန့်မှန်းထားပါတယ်။

Public Service Announcement
၂၀၁၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ မွေးဖွားခဲ့တယ်လို့ ယုံကြည်ရတဲ့ ဂျူအေးဟာ ဒီဇင်ဘာ ၃၁ ရက်နေ့တုန်းက ဖခင်နဲ့အတူ နိုင်ငံရဲ့ နှစ်သစ်ကူး ကြိုဆိုပွဲ အခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ စက်တင်ဘာလတုန်းကလည်း ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီကို ဖခင်နဲ့အတူ သွားရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယား မီဒီယာတွေက ဂျူအေးရဲ့ အသက်ကို တိတိကျကျ ဖော်ပြမထားပါဘူး။
ကင်မ်ဟာ နှစ်သစ်ကူးနဲ့ တခြားအရေးကြီးတဲ့ နေ့တချို့မှာ ကွမ်ဆူဆန် နိုင်ငံတော် ဂူဗိမာန်ဆီ သွားရောက်ပြီး နိုင်ငံထူထောင်သူ အဖိုးဖြစ်တဲ့ ကင်မ်အီလ်ဆွန်၊ ဖခင်ဖြစ်သူ ကင်မ်ဂျုံအီလ်တို့ကို သွားရောက် ဂါရဝ ပြုလေ့ ရှိပြီး သမီးဖြစ်သူကိုတော့ ဒီနှစ်မှာ ပထမဆုံးအကြိမ် ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။
ကိုးကား: Reuters

















































