Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Teslaကို ကျော်တက်ပြီး ၂၀၂၅ ရဲ့ လျှပ်စစ်ကား ရောင်းအားအကောင်းဆုံး ကုမ္ပဏီ ဖြစ်လာခဲ့တဲ့ BYD

လျှပ်စစ်ကား (EV)တွေ ထုတ်လုပ်ရောင်းချမှု စျေးကွက်ကို တရုတ် မော်တော်ယာဉ် လုပ်ငန်းစုကြီး BYDက ဦးဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - AFP

လျှပ်စစ်ကား (EV)တွေ ထုတ်လုပ်ရောင်းချမှု စျေးကွက်ကို တရုတ် မော်တော်ယာဉ် လုပ်ငန်းစုကြီး BYDက ဦးဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

BYDဟာ EVတွေချည်း သီးသန့်ထုတ်လုပ်တဲ့ ကုမ္ပဏီမျိုး မဟုတ်ဘဲ ရုပ်ကြွင်းလောင်စာသုံး မော်တော်ကားတွေနဲ့ hybrid မော်ဒယ်တွေကိုပါ ထုတ်လုပ်နေတာပါ။ ဒါပေမဲ့ EVတွေချည်းသက်သက် ထုတ်လုပ်တဲ့ အမေရိကန်ရဲ့ နာမည်ကျော် လျှပ်စစ်ကား ကုမ္ပဏီ Teslaကို ကျော်တက်ပြီး ၂၀၂၅ ခုနှစ်ရဲ့ EVစျေးကွက် ဦးဆောင် ကုမ္ပဏီအဖြစ် ရပ်တည်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ် ဦးဆောင်နေတဲ့ Teslaဟာ ၂၀၂၅ နောက်ဆုံး ၃ လပတ်မှာ EV အစီးရေ ၄၁၈၂၂၇ ဦး တင်ပို့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါကြောင့် တစ်နှစ်လုံး အတိုင်းအတာအရ Teslaက ရောင်းချခဲ့တဲ့ EV အရေအတွက်ဟာ ၁.၆၄ သန်းထိ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ်နဲ့ ယှဉ်ရင် Teslaရဲ့ ရောင်းအားဟာ ၈ ရာခိုင်နှုန်း ကျဆင်းသွားတာ တွေ့ရပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းတုန်းက မတ်စ်ခ်ဟာ နိုင်ငံရေး နယ်ပယ်ထဲမှာ ပါဝင်ပတ်သက်ခဲ့ပြီး အဲဒီ အခြေအနေက Telsaရဲ့ ရောင်းအားအပေါ် ထိခိုက် ရှုပ်ထွေးမှုတွေ ရှိစေခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ အမေရိကန်က Teslaရဲ့ ကားတွေ ဝယ်ယူမှုအတွက် လိုအပ်တဲ့ အခွန်ပေးဆောင်မှုထဲက ဒေါ်လာ ၇၅၀၀ လောက်ကို ဖြတ်တောက် လျှော့ချပေးခဲ့ခြင်းနဲ့အတူ EVရောင်းအားက တက်ရိပ် ပြန်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ ရှန်ဇန်းအခြေစိုက် တရုတ် ကားလုပ်ငန်းစုကြီး BYDဟာ ၂၀၂၅ ခုနှစ်ထဲမှာ EV အစီးရေ ၂.၂၆ သန်း ရောင်းချခဲ့ပြီး Telsaရဲ့ ရောင်းအားကို အသာအယာ ကျော်တက်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း BYDဟာ ၂၀၂၅ ခုနှစ်အတွက် EV စျေးကွက် ဦးဆောင် ကုမ္ပဏီအဖြစ် Teslaရဲ့ သရဖူကို လက်လွှဲယူခဲ့တာ ဖြစ်ပါတယ်။

Tesla အတွက်တော့ ၂ နှစ်ဆက်တိုက် ရောင်းအား ကျဆင်းမှုကို ကြုံခဲ့ရတာပါ။ ဒါပေမဲ့ Teslaဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး ကားကုမ္ပဏီဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ လက်မလွှတ်ရသေးဘဲ စျေးကွက်ပေါက်စျေး ဒေါ်လာ ၁.၄ ထရီလီယံနဲ့ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါဟာ Teslaရဲ့ နောက်မှာ ရပ်တည်နေတဲ့ နောက်ထပ် ကားကုမ္ပဏီ ၃၀ လောက် စုစုပေါင်း တန်ကြေးနဲ့ ညီမျှပါတယ်။

BYDဟာ ၂၀၂၄ ခုနှစ် ကတည်းက သိသိသာသာ ရောင်းအားတက်လာပြီး Teslaကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Teslaက ကားအစီးရေ ၁.၇၉ သန်း ရောင်းထွက်ခဲ့ပြီး BYDရဲ့ EV ရောင်းအားကတော့ ၁.၇၆ သန်းသာ ရှိတာကြောင့် ကပ်ပြီး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ