အမေရိကန်ဟာ ဗင်နီဇွဲလား စစ်ဘက်နဲ့ အရပ်ဖက် ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင် လုပ်ဆောင်နေကြောင်း ဗင်နီဇွဲလား အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ဒေသစံတော်ချိန်အရ ဇန်နဝါရီ ၃ ရက် မနက် ၂း၀၀ နာရီ ဝန်းကျင်ကစပြီး ဗင်နီဇွဲလားရဲ့ မြို့တော် ကရာကက်စ်မှာ နေရာအနှံ့ ပေါက်ကွဲသံတွေ ဆူညံနေခဲ့သလို ခပ်နိမ့်နိမ့် ပျံသန်းသွားတဲ့ လေယာဉ်တွေကိုလည်း မြင်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော်နဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်တို့ကတော့ ဒီကိစ္စအပေါ် တရားဝင် ကြေညာချက်တွေ မထုတ်ပြန်သေးပါဘူး။

Public Service Announcement
ဒါပေမဲ့ အမေရိကန် အစိုးရ အရာရှိ တချို့ကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တိုက်ရိုက် အမိန့်အရ ကရာကက်စ်မှာ စစ်ဆင်ရေးတွေ စတင် ဆင်နွှဲခဲ့တာလို့ CBS သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။
ကရာကက်စ်မှာတော့ စစ်စခန်းတစ်ခု တည်ရှိရာ နေရာမှာ မီးခိုးလုံးတွေ အူထွက်နေတာကို အဝေးကနေ မြင်ခဲ့ရပါတယ်။ နောက်ထပ် စခန်းတစ်ခုကတော့ လုံးဝ ဓာတ်အား ပြတ်တောက်သွားတယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရုတ်တရက် ဆူဆူညံညံ ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံတွေကြောင့် ဒေသခံတွေဟာ လမ်းတွေပေါ်ကို အလန့်တကြား ပြေးထွက်လာခဲ့ကြပါတယ်။
အခြေအနေတွေ ရှုပ်ထွေးနေပေမယ့် ဗင်နီဇွဲလား အစိုးရ ရုပ်မြင်သံကြား ဌာနကတော့ အဲဒီအကြောင်းကို ချက်ချင်း မကြေညာသေးဘဲ ပုံမှန် သီချင်းတွေနဲ့ အနုပညာ အစီအစဉ်တွေကို ထုတ်လွှင့်နေခဲ့ပါတယ်။
ထရမ့်ဟာ သမ္မတ နစ်ကိုလက်စ် မာဒူရိုရဲ့ အစိုးရကို မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်နွှယ်ကြောင်း စွပ်စွဲထားပြီး မာဒူရိုကတော့ ငြင်းဆိုထားပါတယ်။
အမေရိကန်ဟာ ဗင်နီဇွဲလားနဲ့ ပတ်သက်တဲ့ ရေနံတင် သင်္ဘောတွေကို စီးနင်းသိမ်းယူတာ၊ မူးယစ်မှောင်ခို လှေတွေအဖြစ် စွပ်စွဲထားတဲ့ ရေယာဉ်တွေကို တိုက်ခိုက်နှစ်မြှုပ်တာတွေ လုပ်ဆောင်ခဲ့သလို အခုအခါမှာတော့ ကရာဆက်စ် မြို့တော် ပိုင်နက်ထဲထိ စစ်ဆင်ရေးတွေကို ဖြန့်ကျက်လာတဲ့ သဘောပါပဲ။
မာဒူရိုက ပြည်ပ ကျူးကျော်မှုကို ကြုံတွေ့နေပြီ ဖြစ်တဲ့အတွက် တပ်တွေ အရေးပေါ် ရွှေ့ပြောင်းစေမယ့် ကာကွယ်ရေး အထူးအမိန့်ကို လက်မှတ် ရေးထိုးလိုက်ကြောင်း ကြေညာပါတယ်။ အဲဒီ အမိန့်အရ အမြဲတမ်း စစ်တပ်တွေသာ မကဘဲ ပြည်သူ့စစ်တွေနဲ့ လက်နက်ကိုင်တွေပါ ခုခံစစ်ပွဲအတွက် ပြင်ဆင်ဖို့ ညွှန်ကြားလိုက်ပါတယ်။
သူက အမေရိကန်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချခဲ့ပြီး ရေနံနဲ့ တွင်းထွက် ပစ္စည်းတွေ အပါအဝင် ဗင်နီဇွဲလားရဲ့ မဟာဗျူဟာ သယံဇာတတွေကို မောင်ပိုင်စီးဖို့ ကြိုးစားတဲ့ လုပ်ရပ်အဖြစ် စွပ်စွဲခဲ့ပါတယ်။
ထရမ့်က ဗင်နီဇွဲလား ပိုင်နက်နားမှာ ရေတပ် အထူးတပ်ဖွဲ့ တစ်ခုကို အားဖြည့် ဖြန့်ကျက်ခဲ့ပြီး မကြာခင်မှာ အခုလို တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတာပါ။
အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း ဗင်နီဇွဲလား မူးယစ်မှောင်ခို လှေတွေ ဆိုက်ကပ်ရာ ဆိပ်ကမ်းနေရာ တစ်ခုကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း အမေရိကန်က ကြေညာခဲ့ပါတယ်။ အဲဒါဟာ ဗင်နီဇွဲလား ကုန်းမြေပေါ်မှာ ပထမဆုံး လုပ်ဆောင်တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေး ဖြစ်လာခဲ့ပါတယ်။
ကိုးကား၊ ဓာတ်ပုံ – BBC

















































