အမေရိကန်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ဗင်နီဇွဲလား သမ္မတနဲ့ ဇနီးဖြစ်သူတို့ အသက်ရှင်နေသေးကြောင်း အထောက်အထား ပြသဖို့ ဗင်နီဇွဲလား အစိုးရက တောင်းဆိုခဲ့ပါတယ်။
အမေရိကန်ဟာ လအတော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့တဲ့ စစ်ဆင်ရေးအပြီး ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းမှာ ဗင်နီဇွဲလားနိုင်ငံ၊ ကရာဆက်စ်မြို့ကို စစ်ဆင်ရေးတစ်ခု ဆင်နွှဲ တိုက်ခိုက်ပြီး မာဒူရိုနဲ့ ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မာဒူရိုနဲ့ ဖလောရက်စ်တို့ကို အောင်အောင်မြင်မြင် ဖမ်းဆီးပြီး ဗင်နီဇွဲလား ပိုင်နက် အပြင်ဖက်ကို ခေါ်ထုတ်နိုင်ခဲ့ပြီလို့ လူမှုကွန်ရက် မီဒီယာ Truthမှာ ကြေညာခဲ့ပါတယ်။

Public Service Announcement
အဲဒီ စစ်ဆင်ရေးကို အမေရိကန်ရဲ့ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်ပြီး ထုတ်ပြန်မှာဖြစ်ကြောင်း ထရမ့်က ရေးသားထားခဲ့ပါတယ်။
နောက်တော့ New York Times သတင်းဌာနရဲ့ ဖုန်းဆက် မေးမြန်းမှုကို ထရမ့်က ခပ်တိုတို ပြန်ဖြေခဲ့ရာမှာ မာဒူရိုကို လက်ရ ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးအတွက် ထူးကဲကောင်းမွန်တဲ့ ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့သလို လူတော်တွေ၊ ထက်မြက်တဲ့ တပ်ဖွဲ့ဝင်တွေက ပူးပေါင်း အကောင်အထည် ဖော်ခဲ့တယ်လို့ ပြောကြားထားပါတယ်။
အဲဒီနောက်မှာတော့ ဗင်နီဇွဲလား ဒုတိယ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ်က မာဒူရိုနဲ့ ဖလောရက်စ်တို့ သက်ရှိထင်ရှား ရှိနေဆဲ ဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြဖို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေတဆင့် အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။
မနက် အရုဏ်မတက်ခင် ကရာကက်စ်မြို့မှာ ဆူဆူညံညံ ပေါက်ကွဲသံတွေကြောင့် ဒေသခံတွေက နိုးထခဲ့ပြီး အဲဒီအချိန် အမေရိကန် စစ်လေယာဉ်တွေက အရေးကြီးတဲ့ စစ်ရေးနဲ့ မဟာဗျူဟာ ပစ်မှတ်တွေကို ဗုံးတွေကြဲ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေခဲ့ပြီး ဖြစ်ပါတယ်။ နာရီပိုင်း အကြာမှာ မာဒူရိုကို ဖမ်းဆီးသွားတဲ့ သတင်းကို ထရမ့်က အတည်ပြု ကြေညာခဲ့ပါတယ်။
အမေရိကန် အစိုးရဟာ မာဒူရိုကို မူးယစ်မှောင်ခို ဂိုဏ်းခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ပြီး ဒေါ်လာ သန်း ၅၀ ဆုငွေ ထုတ်ပြန်ထားပါတယ်။ အစောပိုင်း ကတည်းက ထရမ့်က မာဒူရိုအတွက် နေ့ရက်တွေ သိပ်ပြီး မကျန်နိုင်တော့ဘူးလို့ ခြိမ်းခြောက်ထားပါတယ်။
မာဒူရိုကို အမေရိကန်က ဖမ်းဆီးလိုက်ပြီး နောက်ဆက်တွဲ အစီအမံတွေနဲ့ ပတ်သက်လို့ ဘာမှ ရေရေရာရာ မသိရသေးပေမယ့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက မာဒူရိုဟာ ရာဇဝတ်ကြောင်း စွပ်စွဲချက်တွေအတွက် အမေရိကန်မှာ တရားရင်ဆိုင်ရလိမ့်မယ်လို့ ဖုန်းဆက် ပြောပြခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အမတ် မိုက်ခ်လီက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။
အမေရိကန်ရဲ့ လေကြောင်းချီ စစ်ဆင်ရေးတွေဟာ မိနစ် ၃၀ တောင် မကြာလိုက်ဘဲ မြို့တော် ကရာဆက်စ် ကောင်းကင်ယံမှာ ခပ်နိမ့်နိမ့် ပျံသန်းနေတဲ့ လေယာဉ်တွေက ဖြန့်ကျက် ကြီးစိုးသွားခဲ့ကြောင်း မျက်မြင်တွေက ဆိုပါတယ်။ အဲဒီအတောအတွင်း အမေရိကန် အရပ်ဖက် လေကြောင်း စီမံခန့်ခွဲရေး ဌာနကလည်း အမေရိကန်ရဲ့ အထူးစစ်ဆင်ရေး တစ်ရပ် ရှိနေတာကြောင့် ဗင်နီဇွဲလား လေပိုင်နက်ထဲ မဝင်ကြဖို့ အမေရိကန် အရပ်ဖက် လေယာဉ်တွေကို သတိပေး တားမြစ်ခဲ့ပါတယ်။
အမေရိကန်က ဗင်နီဇွဲလား ပိုင်နက်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သတင်းကြားပြီးတာနဲ့ အိမ်နီးချင်း ကိုလံဘီယာ နိုင်ငံဟာ ဒုက္ခသည်တွေ အလုံးအရင်း ဝင်ရောက်လာနိုင်ခြေကို ဗင်နီဇွဲလားနဲ့ နယ်စပ်တလျှောက်မှာ တပ်အင်အား အများအပြား စေလွှတ်ပြီး လုံခြုံရေး အားဖြည့်ထားလိုက်ပါတယ်။
ထရမ့်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မာဒူရိုကို ဘက်ပေါင်းစုံကနေ ဖိအားပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာတော့ မာဒူရိုနဲ့ အတွင်းစည်း အစိုးရ အရာရှိ တချို့ကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုရဲ့ ခေါင်းဆောင်တွေအဖြစ် ထရမ့်က သတ်မှတ် ကြေညာခဲ့ပါတယ်။
မာဒူရိုကတော့ သူ့ကို မူးယစ်ရာဇာ တစ်ဦးအဖြစ် ထရမ့်ရဲ့ တံဆိပ်ကပ်မှုကို အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး တကယ်တမ်းမှာတော့ ထရမ့်ဟာ ဗင်နီဇွဲလားရဲ့ ရေနံနဲ့ သဘာဝ အရင်းအမြစ်တွေကို မောင်ပိုင်စီးချင်တာကြောင့် သူ့ကို ဖယ်ရှားဖို့ ကြိုးစားနေတာသာ ဖြစ်တယ်လို့ တုံ့ပြန် စွပ်စွဲခဲ့ပါတယ်။
ကိုးကား – Politico ၊ ဓာတ်ပုံ – reuters

















































