Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ

နှစ်နိုင်ငံကြားက ဆက်ဆံရေး ဆုတ်ယုတ်မှုတွေကို ကုစားဖို့အတွက် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - Mao Ning/FB

ဇန်နဝါရီ – ၅ ၊၂၀၂၆

နှစ်နိုင်ငံကြားက ဆက်ဆံရေး ဆုတ်ယုတ်မှုတွေကို ကုစားဖို့အတွက် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာ လီဟာ ဘေဂျင်းမြို့တော်ကို ဆိုက်ရောက်လာပြီး တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ လီက တောင်ကိုရီးယားဟာ နိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဖို့ လိုလိုလားလား ရှိနေကြောင်း ပြောပါတယ်။

တောင်ကိုရီးယားမှာ အရင်သမ္မတ ယွန်ဆွတ်ခ်ယော လက်ထက်တုန်းကတော့ တရုတ်နဲ့ ဆက်ဆံရေး သိသိသာသာ ယိုယွင်းကျဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ လီကတော့ တရုတ်နဲ့ ဆက်ဆံရေးကောင်းတွေ ပြန်လည် ထူထောင်ဖို့ ဆန္ဒရှိကြောင်း အစဉ်တစိုက် ပြောဆိုထားပါတယ်။ သူဟာ ၆ နှစ်အတွင်း ဘေဂျင်းကို ပထမဆုံး လာရောက်တဲ့ တောင်ကိုရီးယား ခေါင်းဆောင်လည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

လီနဲ့ရှီတို့ တွေ့ဆုံတဲ့ အခါမှာတော့ ထိုင်ဝမ်အရေးလို ထိလွယ်ရှလွယ် ကိစ္စတွေကိုပါ ဆွေးနွေးကြမယ်လို့ ယုံကြည်ရပါတယ်။ တရုတ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်ဝမ်ကျွန်းကို ပတ်ပတ်လည်ဝိုင်းပြီး အင်အား အလုံးအရင်းနဲ့ စစ်ရေး လေ့ကျင့်ခဲ့ပါသေးတယ်။

ထိုင်ဝမ်ကို တိုက်ရိုက် ရန်လို ခြိမ်းခြောက်တဲ့ သဘောဆောင်တဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဝေဖန်ရှုတ်ချမှုတွေ ရှိခဲ့ပေမယ့် တောင်ကိုရီးယား အစိုးရကတော့ လက်ရှောင်နေခဲ့ပါတယ်။

လီရဲ့ တရုတ်နိုင်ငံ ခရီးစဉ်မှာတော့ တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နည်းပညာ လုပ်ငန်းရှင်တွေလည်း လိုက်ပါသွားကြပါတယ်။ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံ လုပ်ငန်းတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ရေး အဖြေရှာ ဆွေးနွေးဖို့ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ လီဟာ မြောက်ကိုရီးယားနဲ့ ပြန်လည် သင့်မြတ်ရေးအတွက်လည်း မြောက်ကိုရီးယားအပေါ် ဩဇာညောင်းတဲ့ တရုတ်ကို အကူအညီ တောင်းခံဖွယ် ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။ လီက သူဟာ မြောက်ပိုင်းက ကွန်မြူနစ် ပြိုင်ဘက်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း ပြန်လည်ပြင်ဆင်လိုကြောင်း အတည်ပြုထားပါတယ်။

ဘေဂျင်းမှာ ရှိနေတဲ့ ကိုရီးယား နိုင်ငံသားတွေနဲ့ တွေ့ဆုံချိန်မှာ လီက တရုတ်ဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ် ပေါင်းစည်းရေး ရည်မှန်းချက်မှာ အရမ်း အရေးပါတဲ့ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ သူ့ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဟာကွက်တွေကို ဖြည့်ဖို့၊ ပုံမှန်အနေအထား ပြန်ရောက်လာစေဖို့ သက်သက်မဟုတ်ဘဲ နောက်တစ်ဆင့် တိုးမြှင့်ဖို့ထိ ရည်ရွယ်ထားတာ ဖြစ်တယ်လို့လည်း လီက ဆိုပါတယ်။

လီရဲ့ ဘေဂျင်းခရီးစဉ် မတိုင်ခင် နာရီပိုင်း အလိုလောက်မှာတော့ မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ဖက်ကို ဒုံးကျည်တွေ ပစ်ခတ် စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ကြေညာခဲ့ပါတယ်။

လီနဲ့ ရှီတို့ဟာ နိုဝင်ဘာ လဆန်းပိုင်းတုန်းကလည်း တောင်ကိုရီးယားနိုင်ငံမှာ ဒေသဆိုင်ရာ အစည်းအဝေးတစ်ခု တက်ရောက်ရင်း တွေ့ဆုံဆွေးနွေးခဲ့ကြဖူးပါတယ်။

ကိုးကား – AFP

ဆက်စပ်သတင်းများ