Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ထိပ်တန်း ထောက်လှမ်းရေး အကြီးအကဲ ရာထူးက ထုတ်ပယ်ခံရ

ယူကရိန်းရဲ့ ထောက်လှမ်းရေးဆိုင်ရာ ထိပ်တန်း အကြီးအကဲ တစ်ဦးကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

ယူကရိန်းရဲ့ ထောက်လှမ်းရေးဆိုင်ရာ ထိပ်တန်း အကြီးအကဲ တစ်ဦးကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

နိုင်ငံရဲ့ လုံခြုံရေးဌာန အကြီးအကဲဖြစ်သူ ဗက်စလီ မာလီယက်ခ်ကို ဇန်နဝါရီ ၅ ရက်နေ့မှာ ဇီလန်စကီးက ရာထူးကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ဇီလန်စကီးဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း နိုင်ငံရဲ့ ထောက်လှမ်းရေးဆိုင်ရာ ထိပ်တန်း ရာထူး နေရာတွေမှာ လူအပြောင်းအလဲတွေ လုပ်ဆောင်နေခဲ့ပါတယ်။

မာလီယက်ခ်ဟာ လူကြိုက်များတဲ့ စစ်ဘက် ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ယူကရိန်း ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီဖြစ်တဲ့ ယူကရိန်း လုံခြုံရေးဌာန (SBU)ကို ဦးဆောင်နေခဲ့တာပါ။ သူ့လက်အောက်မှာ SBUဟာ ရုရှားကို အထိနာစေမယ့် ရည်မှန်းချက် ကြီးမားတဲ့ စစ်ဆင်ရေးတွေကို ဆက်တိုက် အကောင်အထည် ဖော်ခဲ့ပါတယ်။

ဇီလန်စကီးက မာလီယက်ခ်ကို ရာထူးကနေ ဖယ်ရှားလိုက်တဲ့ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက်ကနေ ကြေညာခဲ့ပြီး သူဟာ မာလီယက်ခ်နဲ့ လူချင်းတွေ့ခဲ့သလို နိုင်ငံအတွက် စွမ်းစွမ်းတမံ အမှုထမ်းခဲ့တဲ့အပေါ် ကျေးဇူးတင်စကား ပြောခဲ့ကြောင်း ဆိုပါတယ်။ ပြီးတော့ သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း မျှဝေထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မာလီယက်ခ်က သူဟာ SBU အကြီးအကဲ ရာထူးကနေ ဆင်းပေးလိုက်ပေမယ့် ကမ္ဘာ့အဆင့် ထိပ်တန်း စစ်ဆင်ရေးတွေ ဆက်လက် အကောင်အထည် ဖော်မယ့် ဌာနရဲ့ စနစ်ထဲမှာ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။

မာလီယက်ခ်ကို ဘာကြောင့် ရာထူးကနေ ဖယ်ရှားခဲ့သလဲ ဆိုတာကိုတော့ ဇီလန်စကီးက ရှင်းရှင်းလင်းလင်း ထုတ်မပြောခဲ့ပါဘူး။ မာလီယက်ခ် ထုတ်ပယ်ခံရနိုင်ကြောင်း သတင်းတွေ စတင် ထွက်ပေါ်လာချိန် ကတည်းက ယူကရိန်း စစ်တပ်ရဲ့ ထိပ်တန်း အရာရှိကြီး တချို့က သူ့ကို ယုံကြည်ထောက်ခံကြောင်း သဘောထား ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက ကျူးကျော်စစ် စတင်ဆင်နွှဲချိန် ကတည်းက SBUဟာ ရဲတင်းပြီး ရည်မှန်းချက် ကြီးမားတဲ့ စစ်ဆင်ရေးမျိုးတွေကို အကောင်အထည် ဖော်ရင်း ရန်သူကို တုံ့ပြန်ခဲ့ပါတယ်။ အထင်ရှားဆုံး တစ်ခုကတော့ ၂၀၂၅ ခုနှစ် ဇွန်လတုန်းက ဆင်နွှဲခဲ့တဲ့ ပင့်ကူအိမ် စစ်ဆင်ရေး ဖြစ်ပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ SBUဟာ ရုရှားပိုင်နက်ထဲ လျှို့ဝှက် တင်ပို့ထားခဲ့တဲ့ ဖောက်ခွဲရေး ဒရုန်းတွေ အများအပြားကို တပြိုင်တည်း အသုံးပြုပြီး ရုရှားရဲ့ နျူကလီးယား ဗုံးကြဲ တိုက်လေယာဉ်ကြီးတွေနဲ့ လေယာဉ်ကွင်းတွေကို တိုက်ခိုက် ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။

မာလီယက်ခ်ကို ထုတ်ပယ်ပြီးတဲ့နောက် ဇီလန်စကီးဟာ SBUရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ယက်ဗ်ဂျနီ ခမာရာကို ဌာနရဲ့ ယာယီ အကြီးအကဲအဖြစ် တာဝန်ပေးအပ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ