တရုတ်ရဲ့ ကိုယ်ပျောက် တိုက်လေယာဉ် တစ်စီးဟာ ရေဒါနဲ့ ထောက်လှမ်းဖမ်းယူတာ မခံရဘဲ ထိုင်ဝမ် လေတပ်စခန်း တစ်ခုနားထိ ချဉ်းကပ်နိုင်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်ဝမ်ကျွန်းကို ပတ်လည်ဝိုင်းပြီး တရုတ်ကအင်အားအလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်ခဲ့ချိန်မှာ J-20 တိုက်လေ ယာဉ်တစ်စီးဟာထိုင်ဝမ် လေတပ်စခန်း တစ်ခုနဲ့ အရမ်းနီးနီးထိ ချဉ်းကပ်ခဲ့ကြောင်း မှတ်တမ်း ဓာတ်ပုံတချို့ကို ကိုးကားပြီး စစ်ရေးသုတေသီ တချို့က သုံးသပ်ခဲ့ပါတယ်။
Chengdu လေကြောင်းနည်းပညာ လုပ်ငန်းစုကြီးက ထုတ်လုပ်တဲ့ J-20တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth)နည်းပညာပါတဲ့တရုတ်ရဲ့ပထမဆုံးပြည်တွင်းဖြစ် တိုက်လေ ယာဉ်တွေပါ။

Public Service Announcement
အစောပိုင်းမှာ ထုတ်လုပ်တဲ့ J-20တွေရဲ့ အင်ဂျင်နည်းပညာ နိမ့်ကျမှုကြောင့်အဲဒီလေယာဉ်တွေကိုရေဒါနဲ့ ထောက်လှမ်းလို့ရပေမယ့် နောက်ပိုင်း ထုတ်လုပ်တဲ့ အမျိုးအစားတွေမှာ အင်ဂျင်လဲလှယ်ပြီးနောက်ပိုင်း J-20ရဲ့ ကိုယ်ပျောက်စွမ်းရည်က အမှန်တကယ် အစွမ်းထက်လာဟန် ရှိတယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။
တရုတ်စစ်တပ်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)က ဒီဇင်ဘာ ၂၉ နဲ့ ၃၀မှာ ပြုလုပ်ခဲ့တဲ့ Justice Mission စစ်ရေးလေ့ကျင့်မှုရဲ့ မှတ်တမ်းပုံရိပ် တချို့ကို ထုတ်ပြခဲ့ရာမှာတော့ J-20 တစ်စီး ပျံသန်းနေပုံကိုပါ ပြသထားခဲ့ပါတယ်။
အဲဒီ တိုက်လေယာဉ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ထိုင်ဝမ်ရဲ့ ကမ်းရိုးတန်းကိုပါ တွေ့နေရပါတယ်။
PLAက J-20တွေထဲက တစ်စီးဟာ ထိုင်ဝမ်ရဲ့ ပင်တွန် လေတပ်စခန်းနားထိ ကပ်ပြီး ပျံသန်းခဲ့ပေမယ့် ထိုင်ဝမ်ရဲ့ ရေဒါတွေက လုံးဝ ထောက်လှမ်းနိုင်ခဲ့ခြင်း မရှိဘူးလို့ ကြွေးကြော်ခဲ့ပါတယ်။ လေတပ်စခန်းနား အရမ်းနီးနီး ချဉ်းကပ်ခဲ့တာတောင် ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက သတိပေးတာ၊ ဒုံးကျည်တွေက အသက်ဝင်လာပြီး J-20ကို ချိန်ရွယ်တာတွေ ဘာမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီလေယာဉ်ဟာ ဒီဇင်ဘာ ၃၀ ရက်နေ့၊ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့မှာ ထိုင်ဝမ် လေတပ်စခန်းနားထိ ချဉ်းကပ် ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တရုတ်ဖက်က အဲဒီ အဆိုပြုချက်ကို တိတိကျကျတော့ အတည်မပြုနိုင်သေးပါဘူး။
ဖြစ်ရပ်က တကယ်ပဲ မှန်ကန်ခဲ့တယ် ဆိုရင်တော့ တရုတ် လေတပ်ဟာ ထိုင်ဝမ် လေပိုင်နက်ကို တိတ်တဆိတ် အောင်အောင်မြင်မြင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်လို့ သတ်မှတ်ရမှာပါ။ ဒါဟာ ထိုင်ဝမ်ရဲ့ လေကြောင်း ကာကွယ်ရေး ကဏ္ဍအတွက် ကြီးမားတဲ့ စိန်ခေါ်မှုလည်း ဖြစ်လာနိုင်ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ လေတပ်စခန်းနားထိ တရုတ် J-20 တစ်စီး ရောက်ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တရုတ် တိုက်လေယာဉ် ချဉ်းကပ်ခဲ့တယ်ဆိုတဲ့ ပင်တွန် လေတပ်စခန်း ဆိုတာဟာ ထိုင်ဝမ်ရဲ့ အရေးအကြီးဆုံး စစ်အခြေစိုက် စခန်းတွေထဲက တစ်ခုဖြစ်သလို လေကြောင်းကာကွယ်ရေး စနစ်တွေ အုံနဲ့ကျင်းနဲ့ ဖြန့်ကျက်ထားပါတယ်။
တရုတ်ရဲ့ ကိုယ်ပျောက် တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ရဲ့ ရေဒါတွေနဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို အမှန်တကယ် လှည့်စား ကျော်ဖြတ်နိုင်တယ်ဆိုရင် လက်တွေ့ စစ်ပွဲ ဖြစ်လာတဲ့အခါ ထိုင်ဝမ်ဟာ တုံ့ပြန်မှု နှောင့်နှေးတာတွေ ကြုံရနိုင်ခြေမျိုး ရှိနေပါတယ်။
ကိုယ်ပျောက် နည်းပညာဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် လက်တစ်ဆုပ်စာမှာ မရှိမဖြစ် ပါဝင်တဲ့ ဝိသေသ လက္ခဏာ တစ်ခုပါ။
အမေရိကန်နဲ့ တရုတ်တို့ဟာ ပဉ္စမမျိုးဆက် တိုက်လေယာဉ် နှစ်မျိုးစီ ပိုင်ဆိုင်ထားပြီး ရုရှားက တစ်မျိုးပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ Su-57 တိုက်လေယာဉ်တွေဟာ တကယ်တမ်း ရေဒါနဲ့ ထောက်လှမ်းမှုတွေကို ထိထိရောက်ရောက် ရှောင်တိမ်းနိုင်သလား ဆိုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေပါတယ်။
J-20ဟာ တရုတ်လေတပ်ရဲ့ ပထမဆုံး ကိုယ်ပျောက် တိုက်လေယာဉ်ဖြစ်ပြီး ရေတပ်အတွက် လေယာဉ်တင် သင်္ဘောမှာ အခြေစိုက်ဖို့ ရည်ရွယ်ထားတဲ့ J-35ကိုယ်ပျောက်တိုက်လေယာဉ်တွေကိုလည်းတရုတ်က တည် ဆောက်နေပါတယ်။
တရုတ်လေတပ်ရဲ့ ကိုယ်ပျောက်တိုက်လေယာဉ် J -20 တစ်စီးကိုတွေ့ရပုံ (ပုံဟောင်း)
ကိုးကား – SCMP

















































