နယ်စပ်မှာ ကမ္ဘောဒီးယားဖက်က ပစ်ခတ်မှုကြောင့် ထိုင်းစစ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။ ဒါဟာ ကမ္ဘောဒီးယားက အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်တယ်လို့ ထိုင်းက စွပ်စွဲခဲ့ပါတယ်။
ထိုင်းစစ်တပ်ရဲ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်း ကြေညာချက်မှာတော့ ယူဘွန်ရတ်ချာဌာနီ ပြည်နယ်ရဲ့ ထိုင်းပိုင်နက်ဖက်ခြမ်း နယ်စပ်ကို ကမ္ဘောဒီးယားဖက်က ပစ်ခတ်ခဲ့တဲ့ မော်တာကျည်တွေ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ဒါဟာ ကမ္ဘောဒီးယား စစ်တပ်က အပစ်ရပ် သဘောတူညီမှုကို တမင်ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
ထိုင်းစစ်သား တစ်ဦးဟာ မော်တာကျည် အစအန ထိမှန်တာကြောင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း၊ ဒါပေမဲ့ ဒဏ်ရာက မပြင်းသလို အသက်အန္တရာယ်လည်း စိုးရိမ်စရာ မရှိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။
နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာတော့ ကမ္ဘောဒီးယား စစ်တပ်က ဆက်သွယ် အသိပေးချက်အရ နယ်စပ်နားမှာရှိတဲ့ စစ်သားတွေရဲ့ စစ်ဆင်ရေး အမှားအယွင်း တစ်ခုကြောင့် ထိုင်းဖက်ကို မော်တာကျည်ဆန် ကျရောက်ခဲ့တဲ့အကြောင်း၊ တမင်ရည်ရွယ်ပြီး ပစ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ ဖြေရှင်းချက် ပေးထားကြောင်း ထိုင်းစစ်တပ်က ဖော်ပြထားပါတယ်။

Public Service Announcement
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ်တင်းမာမှုတွေကို အကြောင်းပြုပြီး မနှစ်က ဇူလိုင်လကုန်ပိုင်းက ၅ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့သလို နှစ်ကုန်ပိုင်းမှာလည်း နှစ်ပတ်လောက်ကြာအောင် စစ်ခင်းခဲ့ကြပါတယ်။ ဒုတိယအကြိမ် တိုက်ပွဲတွေအပြီး ရရှိထားတဲ့ အပစ်ရပ် သဘောတူညီမှု ၁၀ ရက်လောက် ကြာမြင့်ချိန်မှာ အခုကိစ္စ ပေါ်ပေါက်လာတာပါ။
ထိုင်းစစ်တပ်ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုကတော့ လက်ရှိ အချိန်ထိ ကျိုးပျက်သွားတဲ့ အခြေအနေမျိုး မတွေ့ရသေးပါဘူး။
အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ နယ်စပ်အရေးနဲ့ ပတ်သက်လို့ ဆယ်စုနှစ်တွေနဲ့ချီ အငြင်းပွားနေခဲ့ရာက ပြီးခဲ့တဲ့နှစ်မှာတော့ စစ်ရေး ပဋိပက္ခတွေအသွင် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး ရရှိထားတဲ့ အပစ်ရပ် သဘောတူညီမှုမှာတော့ နှစ်ဖက် တပ်တွေဟာ ကီလိုမီတာ ၈၀၀ လောက် ရှည်လျားတဲ့ နယ်ခြားမျဉ်း တလျှောက်မှာ ရောက်တဲ့နေရာ တပ်စွဲထားပြီး ရှေ့မတိုးကြဖို့၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးတွေကို အတူပူးပေါင်း လုပ်ဆောင်ဖို့ ကတိပြုထားပါတယ်။
ပြီးတော့ ဇူလိုင်လကတည်းက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သုံ့ပန်း ၁၈ ဦးကိုလည်း ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။
ကိုးကား: AFP

















































