မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးကြဖို့အတွက် ပင်ဂွင်းငှက်ကလေးတွေရဲ့ ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာပေါ် တင်ပြီး တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းကို စည်းရုံး တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့တုန်းက တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ဟာ ပူးပူးကပ်ကပ် ရှိနေတဲ့ ပင်ဂွင်းငှက်ကလေး နှစ်ကောင်ရဲ့ ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာ Xမှာ တင်ထားခဲ့ပြီး သူနဲ့ ကင်မ်တို့ကို ရည်ညွှန်းတဲ့ သဘောမျိုး ပုံညွှန်းစာ ရေးထားခဲ့ပါတယ်။
ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်ပေါ်နေတဲ့ ရန်လိုမှုတွေနဲ့ ဆူဆူညံညံ ကိစ္စတွေကို ကျော်လွှားနိုင်ဖို့ လိုကြောင်း၊ ဒါကြောင့် ပိုဂျေမြောင်နဲ့ ပိုဂျွန်အွန်းတို့ တွေ့ကြဖို့ လိုကြောင်း လီက သူတို့နှစ်ဦးရဲ့ မျိုးရိုးနာမည်တွေမှာ ပိုဆိုတဲ့ စာလုံးကို ပြောင်းလဲထည့်သွင်းပြီး ရေးသားထားပါတယ်။
ပိုဆိုတာက ကာတွန်းဇာတ်ကောင် ပင်ဂွင်းငှက်ကလေး ပိုရိုရိုကို ရည်ညွှန်းတာပါ။ တောင်ကိုရီးယားမှာတော့ အဲဒီ ကာတွန်းဟာ ကလေးတွေကြားမှာ အထူးရေပန်းစားပါတယ်။

Public Service Announcement
တောင်ကိုရီးယားရဲ့ အကျော်ကြားဆုံး ကာတွန်းစီးရီးတစ်ခု ဖြစ်လာတဲ့တိုင် အဲဒီ အစီအစဉ်ရဲ့ ကနဦး ထုတ်လုပ်မှုအဆင့် တချို့ကို ၂၀၀၀ ပြည့်လွန် အစောပိုင်း နှစ်တွေတုန်းက မြောက်ကိုရီးယား စတူဒီယိုတွေမှာ ဖြတ်သန်းခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားမှာ သမ္မတဟောင်း ယွန်ဆွတ်ခ်ယော လက်ထက်က မြောက်ကိုရီးယားအပေါ် တင်းမာတဲ့ သဘောထား မူဝါဒမျိုး ပြသခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးက အခါးသီးဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက် မြောက်ကိုရီးယားက နျူကလီးယား လက်နက်ပိုင် နိုင်ငံအဖြစ် တရားဝင် ကြေညာခဲ့သလို တောင်ကိုရီးယားကိုလည်း ရန်သူနိုင်ငံလို့ အတိအလင်း သတ်မှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က သမ္မတ ဖြစ်လာတဲ့ လီကတော့ မြောက်ပိုင်းမှာရှိတဲ့ ပြိုင်ဘက် ကွန်မြူနစ် နိုင်ငံနဲ့ ပြန်လည်သင့်မြတ်ဖို့ လိုလားကြောင်း ပြောကြားထားသလို လက်တွေ့ကျတဲ့ အားထုတ်မှုတွေလည်း လုပ်ဆောင်လာခဲ့ပါတယ်။
လီဟာ မကြာသေးခင်ကမှ တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ်ကနေ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘေဂျင်းမှာ တရုတ် သမ္မတ ရှီနဲ့ တွေ့ဆုံချိန်မှာ တရုတ်အနေနဲ့ မြောက်ကိုရီးယားအပေါ် ဩဇာညောင်းတာကို အသုံးချပြီး ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေး ကြားဝင် ကူညီပေးဖို့လည်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ကိုးကား: AFP

















































