Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံတကာ အဖွဲ့အစည်းနဲ့ သဘောတူညီမှု ၆၆ ခုကနေ အမေရိကန် နုတ်ထွက်ဖို့ ထရမ့်အမိန့်ထုတ်

ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတချို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုတွေ စုစုပေါင်း ၅ ဒါဇင်ကျော်ကနေ အမေရိကန်က နုတ်ထွက်တော့မယ်လို့ သိရပါတယ်။

ဓာတ်ပုံ - The New York Times

ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီတချို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုတွေ စုစုပေါင်း ၅ ဒါဇင်ကျော်ကနေ အမေရိကန်က နုတ်ထွက်တော့မယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ကုလသမဂ္ဂရဲ့ လူဦးရေ အေဂျင်စီနဲ့ နိုင်ငံတကာ ရာသီဥတုရေးရာ ညှိနှိုင်းဆောင်ရွက်ရေး သဘောတူညီမှု အဖွဲ့အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုကနေ နုတ်ထွက်စေမယ့် အထူးအမိန့်ကို ဇန်နဝါရီ ၇ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီ ၆၆ ခုထဲမှာတော့ နိုင်ငံတကာ အေဂျင်စီတွေ၊ ပူးပေါင်းစာချုပ်အဖွဲ့တွေ၊ ကော်မရှင်တွေ စသဖြင့် အဖွဲ့အစည်း အမျိုးမျိုး ပါဝင်ခဲ့ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေကို ပံ့ပိုးပေးနေတာ အပါအဝင် နိုင်ငံတကာ ထောက်ပံ့ရေး ရန်ပုံငွေတွေကို အမေရိကန်က ဘယ်လို ကျခံ သုံးစွဲနေခဲ့သလဲ ဆိုတာကို ထရမ့်ရဲ့ အစိုးရက ပြန်လည် လေ့လာ ဆန်းစစ်ပြီးတဲ့နောက်မှာ သမ္မတက အခုလို ဆုံးဖြတ်ခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

အမေရိကန်က နုတ်ထွက်စေဖို့ ထရမ့်က လျာထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ စာရင်းမှာ ကုလသမဂ္ဂနဲ့ ဆက်နွှယ်ပတ်သက်တဲ့ အစုအဖွဲ့ တော်တော်များများ ပါဝင်နေပါတယ်။ အထူးသဖြင့် ရာသီဥတု ထိန်းသိမ်းရေး၊ အလုပ်သမား အခွင့်အရေး၊ ရွှေ့ပြောင်း အခြေချသူတွေ အကူအညီပေးရေးစတဲ့ ကဏ္ဍတွေမှာ ပါဝင်နေတဲ့ အေဂျင်စီတွေဟာ ထရမ့်ရဲ့ ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် နုတ်ထွက်ဖို့ ဆုံးဖြတ်ထားတဲ့ အဖွဲ့အစည်း ၆၆ ခုဟာ တည်ရှိနေဖို့ မလိုအပ်သလို စီမံကိုင်တွယ်မှု ညံ့ဖျင်းလွန်းတယ်လို့ ထရမ့်ရဲ့ အစိုးရက ယူဆကြောင်း၊ အရေးမပါတဲ့ လုပ်ငန်းစဉ်တွေကို ထပ်တလဲလဲ ဆောင်ရွက်နေပြီး လုပ်ရည်ကိုင်ရည်လည်း ညံ့ဖျင်းတာကြောင့် ငွေဖြုန်းတီးမှု သက်သက်လို့ အစိုးရက ယူဆကြောင်း၊ ဒါ့အပြင် အဲဒီ အဖွဲ့အစည်းတွေဟာ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေပြီး အမျိုးသား အချုပ်အခြာ၊ လွတ်လပ်မှုနဲ့ ကြွယ်ဝမှုတွေကို ခြိမ်းခြောက်မယ့် မူဝါဒတွေကိုလည်း ကိုင်ဆွဲထားတယ်လို့ အစိုးရအနေနဲ့ ဆုံးဖြတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုက ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်မှာတော့ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းမှာ ကတည်းက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရုပ်သိမ်းခြင်းကို မဟာဗျူဟာ တစ်ခုလို ကျင့်သုံးခဲ့ပါတယ်။ ထရမ့်ဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO)နဲ့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်ရေးရာ အေဂျင်စီ (UNRWA)တို့လို အကြီးစား အေဂျင်စီတွေနဲ့လည်း လက်တွဲဖြုတ်ဖို့ ရွေးချယ်ခဲ့ဖူးပါတယ်။

အမေရိကန်က နုတ်ထွက်ခဲ့တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုတွေထဲမှာတော့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင် သဘောတူစာချုပ် (UNFCCC)ဟာ အကြီးဆုံးတစ်ခု ဖြစ်ပါတယ်။ UNFCCCကို ၁၉၉၂ ခုနှစ်တုန်းက နိုင်ငံပေါင်း ၁၉၈ ခု ညှိနှိုင်း သဘောတူညီချက်ကနေ ထူထောင်ခဲ့ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တားဆီးရေး အားထုတ်မှုတွေမှာ နိုင်ငံကြီးတွေက ရန်ပုံငွေ ထောက်ပံ့ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ထရမ့်ကတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲနေတယ် ဆိုတာဟာ မဟုတ်မမှန် လိမ်ညာ ပြောဆိုမှု တစ်ခုလို့ စွပ်စွဲပြီး အိမ်ဖြူတော်ဆီ ဒုတိယအကြိမ် သူပြန်ရောက်လာပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ UNFCCCကနေ နုတ်ထွက်ရေးကို အားတက်သရော လုပ်ဆောင်ခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ