အမေရိကန်ဟာ မဟာမိတ်တွေကို ကျောခိုင်းနေပြီး စည်းမျဉ်းတွေကိုလည်း ချိုးဖောက်နေတယ်လို့ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။
ဒါဟာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ် ပြင်သစ် သမ္မတက ဒေါ်နယ်လ်ထရမ့် ဦးဆောင်နေတဲ့ အမေရိကန် အစိုးရအပေါ် အပြင်းထန်ဆုံး ဝေဖန်လိုက်တဲ့ မှတ်ချက်စကားလည်း ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေက အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ မျက်နှာပျက်လောက်စရာ အခြေအနေတွေဆီ ဦးတည်လာချိန်မှာ မာခရွန်က အဲဒီလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့တုန်းက ပြင်သစ် သံအမတ်ကြီးတွေဆီ လိပ်မူတဲ့ မိန့်ခွန်းမှာ မာခရွန်က အမေရိကန်ဟာ မဟာမိတ်တွေကို တဖြည်းဖြည်းချင်း စွန့်ခွာနေပြီး နိုင်ငံတကာ စည်းမျဉ်းတွေကိုလည်း ချီုးဖောက်နေတယ်လို့ ထည့်ပြောသွားပါတယ်။
အမေရိကန်ဟာ ခိုင်မာ အားကောင်းပြီး အင်အားကြီး နိုင်ငံဖြစ်ကြောင်း၊ ဒါပေမဲ့ နောက်ပိုင်းမှာ မဟာမိတ်နိုင်ငံ တချို့ကို တဖြည်းဖြည်းချင်း စတင် ကျောခိုင်းနိုင်သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေကိုလည်း စိတ်လွတ်ကိုယ်လွတ် ချိုးဖောက်လာနေကြောင်း မာခရွန်က ဆိုပါတယ်။

Public Service Announcement
NATO စစ်မဟာမိတ် အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ဂရင်းလန်ကျွန်းကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းယူချင်ကြောင်း ထရမ့်ရဲ့ ပြောဆိုမှုမျိုးက အစဉ်အလာ မဟာမိတ် ဥရောပ နိုင်ငံတွေနဲ့ ဆက်ဆံရေးအပေါ် ရိုက်ခတ်မှုတွေ ရှိလာပါတယ်။
မျက်မှောက်ခေတ်မှာတော့ ကမ္ဘာကြီးကို ခွဲခြမ်းပိုင်းခြား ထိန်းချုပ်လိုတဲ့ အင်အားစုကြီးတွေနဲ့ ယှဉ်တွဲ နေထိုင်နေရကြောင်းလည်း မာခရွန်က ပြောကြားခဲ့ပြီး သူ့အနေနဲ့ ကိုလိုနီဝါဒသစ်၊ သက်ဦးဆံပိုင် ဘုရင်စနစ်သစ်တွေကို ဆန့်ကျင်မယ်လို့ ဆိုပါတယ်။
မာခရွန်က တရုတ်အစိုးရရဲ့ စီးပွားရေးအရ ပိုမိုရန်လိုတဲ့ မူဝါဒတွေ ကျင့်သုံးလာခြင်းကိုလည်း ဝေဖန်ခဲ့ပြီး ရုရှားကိုတော့ ယူကရိန်းစစ်ပွဲ ဆင်နွှဲခဲ့ခြင်းနဲ့အတူ ပျက်စီးရာ ပျက်စီးကြောင်းတွေ ကြံစည်နေတဲ့ စူပါပါဝါ နိုင်ငံတစ်ခုအဖြစ် မာခရွန်က ရှုတ်ချသွားပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သုံးသပ်ချက်က မိန့်ခွန်းတစ်ခုလုံးမှာ အဓိက အာရုံအစိုက်ရဆုံး အပိုင်းမျိုး ဖြစ်လာပါတယ်။
မာခရွန်က လုပ်သင့်လျက်နဲ့ မလုပ်ဖြစ်တဲ့ ကိစ္စတွေမှာ ဘေးကထိုင်ကြည့်နေသူတွေ မဖြစ်ကြစေဖို့ သူ့ရဲ့ သံအမတ်ကြီးတွေကို မှာကြားခဲ့ပါတယ်။ ဒီအခြေအနေ နှစ်ခုက ဆန့်ကျင်ဖက်ဖြစ်ကြောင်း၊ ပြင်သစ်ဟာ မှတ်ချက်စကားတွေချည်း ပြောနေရမှာ မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်မှုတွေကို ရွေးချယ်ရမှာဖြစ်ကြောင်း သူက ဆိုပါတယ်။
ဂရင်းလန်ကို အမေရိကန် ပိုင်နက်အဖြစ် သိမ်းယူလိုကြောင်း ထရမ့်ရဲ့ စကားဟာ ဥရောပ မဟာမိတ်တွေ အတွက်တော့ တကယ့်ကို ခေါင်းခဲစရာ အချက်ပေါင်း ခေါင်းလောင်းသံ ဖြစ်လာပါတယ်။ ပြီးတော့ ထရမ့်က ဂရင်းလန်ကို ရရှိဖို့အတွက် စစ်အင်အား သုံးမလားဆိုတဲ့ မေးခွန်းတွေကိုလည်း ယတိပြတ် ငြင်းဆိုခြင်း မရှိပါဘူး။
ဒိန်းမတ် အစိုးရကတော့ ဂရင်းလန်ကျွန်းကို အကြောင်းပြုပြီး ဖြစ်လာမယ့် တိုက်ခိုက်မှု မှန်သမျှဟာ အမေရိကန်နဲ့ NATOကြားက မဟာမိတ် ဆက်ဆံရေးကို အဆုံးသတ်သွားစေနိုင်ကြောင်း သတိပေးထားပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Reuters


















































