ယူကရိန်း ပိုင်နက်ထဲ ဝင်ရောက်တပ်စွဲထားတဲ့ ဘယ်နိုင်ငံခြားတပ်ဖွဲ့ကိုမဆို တရားဝင် ပစ်မှတ်အဖြစ် သဘောထားမယ်လို့ ရုရှားက ထပ်လောင်း သတိပေးလိုက်ပါတယ်။
အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်းကို ကူညီဖို့အတွက် တပ်တွေ စေလွှတ်မယ်ဆိုရင် ရုရှားကလည်း တရားဝင် ပစ်မှတ်တွေအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မယ် ဆိုတာကို အရင်ကတည်းက ရုရှားဖက်က ခြိမ်းခြောက် ပြောကြားထားပြီး ဖြစ်ပါတယ်။
အခုသီတင်းပတ်မှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတစ်ခု အပြီးမှာ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေက ရုရှားနဲ့ ယူကရိန်းတို့ရဲ့ စစ်ပွဲ ပြီးဆုံးသွားရင် ယူကရိန်းရဲ့ လုံခြုံရေးအတွက် အာမခံချက် ရှိစေဖို့ ထောင်နဲ့ချီတဲ့ တပ်တွေ ကူညီဖြန့်ကျက်ပေးရေး သဘောတူ လက်ခံခဲ့ကြပါတယ်။
အဲဒီကိစ္စဟာ စစ်ပြီးခေတ် ယူကရိန်းကို အကူအညီပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမယ့် ရုရှားကတော့ လက်ရှိ စစ်ပွဲကာလမှာ နိုင်ငံခြားတပ်တွေ ယူကရိန်းကို ဝင်ရောက်လာတာမျိုးဆိုရင် လုံးဝ လက်ခံမှာ မဟုတ်ကြောင်း သတိပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန အနေနဲ့ ယူကရိန်းမှာ အနောက်နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်တာမျိုး၊ စစ်ဘက် အဆောက်အအုံတွေ၊ ကုန်လှောင်ရုံတွေနဲ့ အခြေခံ အဆောက်အအုံတွေ တည်ဆောက်တာမျိုးကို လက်သင့်ခံမှာ မဟုတ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ဇန်နဝါရီ ၈ ရက်နေ့မှာ သတိပေး ပြောကြားခဲ့ပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်တို့က အနာဂတ် ယူကရိန်းနိုင်ငံ ပိုင်နက်ထဲမှာ တပ်တွေဖြန့်ကျက်ပေးဖို့ ဆန္ဒရှိကြောင်း ကြေညာခဲ့တဲ့နောက် ဇာခါရိုဗာက အခုလို တုံ့ပြန်လာခဲ့တာပါ။
ယူကရိန်းမှာ အနောက်နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေ အခြေစိုက်မှုကို ရုရှားက ကာလရှည်ကြာ ကန့်ကွက်ခဲ့ကြောင်း၊ အကြိမ်ကြိမ်လည်း သတိပေးခဲ့ကြောင်း၊ အဲဒီသတိပေးမှုတွေဟာ အလေးအနက် ရည်ရွယ်ပြီး လက်ရှိ အချိန်ထိ တည်မြဲနေဆဲ ဖြစ်ကြောင်း၊ ယူကရိန်းမှာ ဖြန့်ကျက်ထားတဲ့ ဘယ်နိုင်ငံခြားတပ်မဆို ရုရှားအတွက် တရားဝင် ပစ်မှတ်အနေနဲ့ ယူဆပိုင်ခွင့်ရှိကြောင်း သူက ဆက်ပြောပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တကယ်လို့ ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ခဲ့ရင်တောင် ယူကရိန်းရဲ့ လုံခြုံရေးကို ရေရှည် အာမခံနိုင်ဖို့ အနောက်မဟာမိတ် နိုင်ငံတွေဆီက ခိုင်မာတိကျတဲ့၊ ယုံကြည်ရတဲ့ ပံ့ပိုးမှုတွေ ဆက်လက် လိုအပ်နေကြောင်း ပြောဆိုထားပါတယ်။
ရုရှားကတော့ စစ်ပွဲရပ်ဆိုင်းပြီးရင်တောင် ယူကရိန်း ပိုင်နက်ထဲမှာ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ထားဖို့ ကိစ္စကို လက်ခံနိုင်မှာ မဟုတ်ကြောင်း ကန့်ကွက်ထားပါတယ်။
ယူကရိန်း အစိုးရဟာ အမေရိကန်ဦးဆောင်ပြီး ကြားဝင်စေ့စပ်ပေးနေတဲ့ စစ်ရပ်စဲရေး ညှိနှိုင်းမှုတွေမှာ ပါဝင်ဆွေးနွေးနေသလို တစ်ဖက်မှာလည်း စစ်ပွဲအလွန် လုံခြုံရေး အာမခံချက်အတွက် ဥရောပ နိုင်ငံတွေနဲ့ အလေးအနက် ဆွေးနွေးနေပါတယ်။
ကိုးကား: CNN

















































