နယူးဇီလန် နိုင်ငံမှာ အစုလိုက် သောင်တင်ခဲ့ရာက ဝေလငါး ၆ ကောင်သေဆုံးသွားကြောင်း သိရပါတယ်။
စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့တွေဟာ နယူးဇီလန်ရဲ့ ဆောက်သ်အိုင်းလန်း ကမ်းခြေတစ်နေရာမှာ အသက်ရှင်နေဆဲဖြစ်တဲ့ နောက်ထပ် ဝေလငါး ၁၅ ကောင်ကိုလည်း ပင်လယ်ထဲကို ပြန်ပို့ပေးနိုင်ဖို့ အချိန်လုပြီး ကြိုးစားနေပါတယ်။
ဖဲဝဲလ်စပစ် ဧရိယာနားက ပင်လယ်ကမ်းစပ် သောင်ပြင်မှာ ဇန်နဝါရီ ၈ ရက်နေ့တုန်းက စုစုပေါင်း ဝေလငါး ၅၅ ကောင်လောက် အစုလိုက် သောင်တင်နေခဲ့တာဖြစ်ပြီး အများစုကတော့ ပင်လယ်ပြင်ဆီ ပြန်လည် ထွက်ခွာသွားနိုင်ခဲ့ပါပြီ။
နောက်တော့ ၁၅ ကောင်က လမ်းမှားပြီး ကမ်းခြေဖက် ပြန်ရောက်လာရာက နောက်တစ်ကြိမ် သောင်တင်နေတာ ဖြစ်ပါတယ်။ အဲဒီ ဝေလငါးတွေဟာ တစ်ကီလိုမီတာလောက် ရှည်လျားတဲ့ နေရာမှာ ပျံ့နှံ့ပြီး သောင်တင်နေပါတယ်။

Public Service Announcement
လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဗီဒီယိုတွေမှာတော့ ဝေလငါးတွေရဲ့ ခန္ဓာကိုယ် အေးမြစေဖို့အတွက် ကယ်ဆယ်ရေး အဖွဲ့တွေက ရေပုံးတွေနဲ့ ရေလောင်းပေးနေတာကို တွေ့ခဲ့ရပါတယ်။
ဒီရေအတက်အကျနဲ့ ချိန်ကိုက်ပြီး ဝေလငါးတွေကို ရေနက်ပိုင်းထဲ ဆွဲခေါ်ယူပေးသွားနိုင်ဖို့ အရေးကြီးကြောင်း Project Jonah အဖွဲ့ရဲ့ သားရိုင်းတိရစ္ဆာန် ကယ်ဆယ်စောင့်ရှောက်ရေး အရာရှိ လူဝီဆာ ဟော့ခ်စ်က ပြောပါတယ်။
သောင်တင်နေတဲ့ ဝေလငါးတွေဟာ လမ်းပြဝေလငါး မျိုးစိတ်ထဲကဖြစ်ပြီး အစုအဖွဲ့လိုက် နီးနီးကပ်ကပ် နေထိုင်တတ်ကြပါတယ်။ ဒါကြောင့် တစ်ကောင် လမ်းမှားပြီး သောင်တင်ရင် တခြားအကောင်တွေပါ ဒုက္ခရောက်တာမျိုး မကြာခဏ ကြုံရတတ်ပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့မှာလည်း ဝေလငါးတွေကို ပင်လယ်ထဲ ပြန်ပို့နိုင်ဖို့ ဆက်လက် ကြိုးစားနေပေမယ့် အချိန်က အရမ်းကျပ်နေတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ဝေလငါးတွေကို ကယ်ဆယ်ဖို့အတွက် သက်ဆိုင်ရာ ဌာနတွေရဲ့ ဝန်ထမ်းတွေအပြင် ဒေသခံတွေကပါ ကူညီပေးနေပါတယ်။ နောက်ထပ် ဝေလငါးတွေ ထပ်ပြီး သောင်မတင်စေဖို့အတွက် မော်တော်ဘုတ်တစ်စီးနဲ့ ဒရုန်းတွေကို အသုံးပြုပြီး စောင့်ကြည့်နေကြပါတယ်။
ဝေလငါးတွေဘာကြောင့် အခုလို သောင်တင်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဖဲဝဲလ်စပစ် တဝိုက်မှာ အရင်ကလည်း အခုလိုပဲ ဝေလငါးတွေ အစုလိုက် သောင်တင်တဲ့ ဖြစ်စဉ်တွေ ကြုံခဲ့ဖူးပါတယ်။
အဲဒီနေရာတဝိုက်မှာ ၂၀၁၇ တုန်းက ဆူးတောင်ရှည် ဝေလငါး အကောင် ၄၀၀ ကျော် အစုလိုက် သောင်တင်ခဲ့ဖူးပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း နယူးဇီလန်မှာ ဝေလငါးကောင်ရေ အများဆုံး အစုလိုက် သောင်တင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – Reuters

















































