ဖိလစ်ပိုင် နိုင်ငံမှာ အမှိုက်ပုံကြီးတစ်ခု ပြိုကျပြီး လူ ၁ ဦး သေဆုံးခဲ့သလို ၄၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
စီဘူမြို့မှာရှိတဲ့ အမှိုက်တွေ အုံနဲ့ကျင်းနဲ့ စွန့်ပစ်ထားရာ အမှိုက်တောင်ပို့ကြီးတစ်ခု ဇန်နဝါရီ ၈ ရက်နေ့က ပြိုကျခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အမှိုက်သရိုက်တွေအောက်မှာ ပိမိနေသူ အနည်းဆုံး ၁၂ ဦးလောက်ကို ဆွဲထုတ်ခဲ့ကြရပါတယ်။ ဒဏ်ရာရသူ ၃၈ ဦး ရှိခဲ့ပြီး အများစုက အမှိုက်ကောက်သူတွေနဲ့ အဲဒီနေရာက သန့်ရှင်းရေး ဝန်ထမ်းတွေ ဖြစ်ပါတယ်။
အမှိုက်ပုံကြီး ရုတ်တရက် ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အစိုးရ အေဂျင်စီတွေ၊ ပုဂ္ဂလိက လူမှုကူညီရေး အသင်းတွေ အပါအဝင် ကယ်ဆယ်ရေး အဖွဲ့ဝင် စုစုပေါင်း ၃၀၀ ဝန်းကျင်လောက်က အမှိုက်ပုံ ပြိုကျတဲ့ နေရာမှာ ဖြန့်ကျက်ပြီး ပိမိနေသူတွေကို လိုက်ရှာခဲ့ကြရပါတယ်။

Public Service Announcement
နောက်ပိုင်းမှာတော့ မြေတူးစက်ကြီးတွေ အပါအဝင် စက်ယန္တရားတွေကိုပါ အသုံးပြုပြီး အမှိုက်တွေကို ရှင်းလင်းနေတာ တွေ့ရကြောင်း မျက်မြင်တွေက ဆိုပါတယ်။ အခင်းဖြစ်ရာ နေရာတဝိုက်မှာ လူနာတင်ယာဉ်တွေနဲ့ မီးသတ်ကားတွေကိုပါ တွေ့ခဲ့ရပါတယ်။
အဲဒီ အမှိုက်စွန့်ပစ်ရာ သတ်မှတ်နေရာကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် ပျောက်ဆုံးနေသူတွေ မရှိတာ သေချာစေဖို့အတွက် အရင်းအမြစ် အားလုံးကို ပုံအော အသုံးပြုပြီး ရှာဖွေရေးတွေ လုပ်ဆောင်ခဲ့ကြောင်း စီဘူမြို့တော်ဝန် နက်စ်တာ အာချီဗယ်လ်က Facebookပေါ်မှာ ဇန်နဝါရီ ၉ ရက်နေ့က ရေးသားထားခဲ့ပါတယ်။
အမှိုက်ပုံ ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး အမှိုက်တွေကို စီမံနေရာချ ထားသိုပုံ ညံ့ဖျင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ မြို့တော် ကောင်စီဝင် တစ်ဦးဖြစ်တဲ့ ဂျိုဝဲလ် ဂါဂါနီရာက မှတ်ချက်ပေးထားပါတယ်။
အမှိုက်ပုံကြီးက အမှိုက်တွေကို အနီးမှာရှိတဲ့ အမှိုက်ကန်တစ်ခုဆီ ရွှေ့ပြောင်းပြီး ဖို့နေတဲ့အချိန်မှာ ပြိုကျမှု ဖြစ်ခဲ့တာပါ။ စီဘူအပါအဝင် ဖိလစ်ပိုင်က မြို့တချို့မှာတော့ အခုလိုမျိုး အမှိုက်တွေကို စုစည်းတာဝန်ယူပေးတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ရှိနေကြောင်းလည်း သိရပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – AP

















































