Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည်နဲ့ တိုက်ခိုက်

ရုရှားဟာ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ရုရှားဟာ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၈ ရက် ညပိုင်းက ယူကရိန်းနိုင်ငံ အနှံ့က မြို့ရွာတွေကို ရုရှားက ဒုံးကျည်တွေ အမြောက်အမြား ပစ်ခတ်ခဲ့ပြီး ကိယက်ဗ်မြို့တော်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယူကရိန် အစိုးရက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ – AP

ရုရှားက ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေထဲမှာတော့ ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းလည်း ပါဝင်ခဲ့ပြီး နိုင်ငံအနောက်ပိုင်းက အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းက ဆိုပါတယ်။

ယူကရိန်းမှာ ရာသီဥတု အေးခဲပြီး ပြင်းထန်တဲ့ ဆောင်းတွင်းကာလကို ဖြတ်သန်းနေရချိန်မှာ ရုရှားဟာ ဓာတ်အားပေး စက်ရုံတွေ အပါအဝင် အခြေခံ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမို မြှင့်တင် လုပ်ဆောင်လာနေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲကာလတလျှောက် ပြီးခဲ့တဲ့နှစ်တွေရဲ့ ဆောင်းတွင်းတွေမှာလည်း ရုရှားဟာ ယူကရိန်း ပြည်သူတွေရဲ့ ကြံ့ကြံ့ခံ ဖီဆန်လိုစိတ်ကို ရိုက်ချိုးဖို့အတွက် ဓာတ်အားပေး ကွန်ရက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ယူကရိန်းမှာ အိမ်ခြေ သန်းပေါင်းများစွာဟာ ဓာတ်အားနဲ့ အပူပေးစနစ်တွေ မရှိဘဲ ဆောင်းတွင်း အအေးဓာတ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းကြရပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ တိုက်ခိုက်မှုမှာတော့ ယူကရိန်းနိုင်ငံ အနောက်ပိုင်းက လာဗစ်ဗ်မြို့က အရေးပါတဲ့ အခြေခံ အဆောက်အအုံ တစ်ခုကို ရုရှား ဟိုက်ပါဆောနစ်ဒုံးကျည် ထိမှန်ခဲ့ကြောင်း ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေး ကဏ္ဍကို တာဝန်ယူထားတဲ့ လေတပ်က ကြေညာခဲ့ပါတယ်။

အဲဒီ ဒုံးကျည်ဟာ တစ်နာရီကို ကီလိုမီတာ ၁၃၀၀၀ လောက် မြန်နှုန်းနဲ့ ပျံသန်းလာခဲ့ပြီး ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ယူကရိန်း လေတပ်က အတည်ပြုခဲ့ပါတယ်။ ဟိုက်ပါဆောနစ် ဒုံးကျည်နဲ့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ အဆောက်အအုံက ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ ယူကရိန်းက တိတိကျကျ မထုတ်ပြန်ပါဘူး။

ဟိုက်ပါဆောနစ် ဆိုတာက အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ နှုန်းကို ဆိုလိုတာပါ။ တစ်နာရီ ကီလိုမီတာ ၁၃၀၀၀ မြန်နှုန်း ဆိုတာက အသံထက် ၁၀ ဆလောက် ပိုမြန်တဲ့ သဘောဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ ရုရှားရဲ့ Oreshnik ဟိုက်ပါဆောနစ် ဒုံးကျည် အပါအဝင် စစ်လက်နက် အနည်းအကျဉ်းလောက်ပဲ အဲဒီလောက် မြန်တဲ့နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ ရုရှားဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း Oreshnik ဒုံးကျည်တစ်စင်းကို ယူကရိန်းစစ်ပွဲမှာ ပထမဆုံးအကြိမ် ထုတ်သုံးခဲ့ဖူးပါတယ်။

ရုရှားကတော့ ဇန်နဝါရီ ၈ ရက်နေ့ တိုက်ခိုက်မှုမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တစ်စင်းကိုပါ ပစ်ခတ်ခဲ့သလား ဆိုတာကို တိတိကျကျ ထုတ်မပြောသေးပါဘူး။ အဲဒီ ဒုံးကျည်တွေဟာ ရုရှားရဲ့ လက်နက်တိုက်ထဲမှာ ခေတ်အမီဆုံး စစ်လက်နက်တွေလို့ ယုံကြည်ရပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က Oreshnik ဒုံးကျည်ရဲ့ မြန်နှုန်းနဲ့ ခန့်မှန်းလို့ မလွယ်ကူတဲ့ လမ်းကြောင်းပြောင်းလဲ ပျံသန်းနိုင်စွမ်းတွေကြောင့် အဲဒီဒုံးကျည်တွေကို ပစ်ချနိုင်တဲ့ လေကြောင်းကာကွယ်ရေး စနစ်မျိုး ကမ္ဘာပေါ်မှာ မရှိဘူးလို့ ကြွေးကြော်ထားပါတယ်။ Oreshnik ဒုံးကျည်တွေဟာ တာလတ် အကွာအဝေးလောက် ပျံသန်းနိုင်ပြီး နျူကလီးယား ထိပ်ဖူးတွေပါ တပ်ဆင်နိုင်ကြောင်း ရုရှားက ကြေညာထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ