Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အကျဉ်းထောင်တွေကို ဒုစရိုက်ဂိုဏ်းသားတွေက စီးနင်းခဲ့တဲ့နောက် ဂွာတီမာလာမှာ အရေးပေါ် အခြေအနေ ကြေညာ

ဒုစရိုက်ဂိုဏ်းသား အကျဉ်းသားတွေက ထောင်တွေကို စီးနင်းပြီး အမှုထမ်းတွေကို ဓားစာခံတွေအဖြစ် ဖမ်းဆီးထားခဲ့တဲ့ ဖြစ်စဉ်တွေအပြီး ဂွာတီမာလာ အစိုးရဟာ နိုင်ငံမှာ အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာခဲ့ရပါတယ်။

ဓာတ်ပုံ - Reuters, AP

ဒုစရိုက်ဂိုဏ်းသား အကျဉ်းသားတွေက ထောင်တွေကို စီးနင်းပြီး အမှုထမ်းတွေကို ဓားစာခံတွေအဖြစ် ဖမ်းဆီးထားခဲ့တဲ့ ဖြစ်စဉ်တွေအပြီး ဂွာတီမာလာ အစိုးရဟာ နိုင်ငံမှာ အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာခဲ့ရပါတယ်။

ဇန်နဝါရီ ၁၈ ရက်နေ့မှာ သမ္မတ ဘာနာဒို အရီဗာလိုက ပြည်တွင်းမှာ ရက်ပေါင်း ၃၀ ကြာ အရေးပေါ် အခြေအနေ ကြေညာကြောင်း ထုတ်ပြန်ခဲ့ရပါတယ်။ ဂွာတီမာလာ စီးတီး မြို့တော်မှာ ဒုစရိုက်ဂိုဏ်းသားတွေက အကျဉ်းထောင် ၃ ခုမှာ စီးနင်းတိုက်ခိုက်ပြီး ထောင်ဆူမှုတွေကို ဖြစ်ပွားစေခဲ့တာပါ။ ဒါဟာ Barrio 18 ဒုစရိုက်ဂိုဏ်း ကြီးစိုးတဲ့ နယ်မြေတချို့ကို အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြန်လည် စီးနင်း သိမ်းယူခဲ့တာကို မကျေနပ်လို့ လက်စားချေတဲ့ လုပ်ရပ်လို့ ယူဆရပါတယ်။

အကျဉ်းထောင်တွေမှာ ဒုစရိုက်ဂိုဏ်းသားတွေ အုံကြွမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဇန်နဝါရီ ၁၇ ရက်မှာ စတင်ခဲ့တဲ့ ထောင်ဆူမှုတွေအပြီး အခြေအနေတွေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူ အားလုံးလည်း ပြန်လွတ်လာပြီလို့ သမ္မတက ပြောပါတယ်။ အစောပိုင်း သတင်းတွေအရ ထောင် ၃ ခုထဲမှာ ဂိုဏ်းသားတွေက လုံခြုံရေးဝန်ထမ်း ၄၆ ဦးကို ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။

သူက နိုင်ငံမှာ ရက်ပေါင်း ၃၀ ကြာ အရေးပေါ် အခြေအနေ ကြေညာမှုနဲ့အတူ သေဆုံးသူတွေအတွက် ရည်ရွယ်ထားတဲ့ ဝမ်းနည်းကြေကွဲမှုကာလ ၃ ရက် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုလို သတ်ဖြတ်မှုတွေဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပေါ် ကြိုတင် ကြံစည်ထားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အကြမ်းဖက်မှုတွေကို အရှုံးပေးအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒုစရိုက် ဂိုဏ်းတွေဟာ ကျိန်းသေပေါက် ကျရှုံးစေရမှာဖြစ်ကြောင်း အရီဗာလိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂိုဏ်းသားတွေက ထောင်တွေကို စီးနင်းပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စဟာ ဂွာတီမာလာ တစ်နိုင်ငံလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပါတယ်။ Barrio 18နဲ့ အဲဒီဂိုဏ်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ MS-13တို့ကို အမေရိကန်က ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ် ကြေညာထားပါတယ်။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ကာလအတွင်း အသွားအလာ ကန့်သတ်တာ၊ စောင့်ကြည့် စစ်ဆေးမှုတွေကို မြှင့်တင်တာမျိုးတွေ ရှိနိုင်သလို အာဏာပိုင်တွေ အနေနဲ့ မသင်္ကာသူတွေကို ဝရမ်းမပါဘဲ စစ်ဆေးခွင့်၊ ထိန်းသိမ်းခွင့်တွေ ရှိပါတယ်။

အကျဉ်းသားတွေက သန်းခေါင်ယံ အချိန်လောက်မှာ အငိုက်ဖမ်း စီးနင်းတိုက်ခိုက်မှုတွေကို စတင်ခဲ့ပြီး ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လက်စားချေ သတ်ဖြတ်မှုတွေကို စတင်ခဲ့ပြီး လုံခြုံရေး ဝန်ထမ်း ၇ ယောက်ဟာ သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့ ကာလအတွင်း ဂွာတီမာလာ စစ်တပ်ကပါ လူနေဧရိယာတွေမှာ ဖြန့်ကျက် နေရာယူထားပြီး ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းရေး လုပ်ငန်းတွေမှာ အားဖြည့် ကူညီပေးမယ်လို့ ကြေညာထားပါတယ်။

ကိုးကား: DW

ဆက်စပ်သတင်းများ