ဗင်နီဇွဲလားနည်းတူ ကျူးဘားမှာလည်း အစိုးရကို အပြောင်းအလဲလုပ်ဖို့ အမေရိကန်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ နှစ်ကုန်ပိုင်းလောက်ကျရင် ကျူးဘားမှာလည်း အစိုးရ အပြောင်းအလဲ ဖြစ်သွားစေမယ့် နည်းလမ်းတစ်ခုခုကို အသုံးချလာနိုင်ကြောင်း အမည်မဖော်တဲ့ အမေရိကန် အစိုးရ အရာရှိ တချို့က Wall Street ဂျာနယ်ဆီ ပြောကြားခဲ့ပါတယ်။
ကျူးဘားမှာ အစိုးရ အပြောင်းအလဲ ဖြစ်လာအောင် ဖိအားပေးနိုင်မယ် ဆိုတာကို အိမ်ဖြူတော်က ပုဂ္ဂိုလ်တွေကတော့ အကြောင်းရင်း နှစ်ခုကြောင့် ယုံကြည်ချက် ပြည့်ဝနေတယ်လို့ Wall Streetရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပထမ အချက်ကတော့ ဇန်နဝါရီ ၃ ရက်နေ့တုန်းက ဗင်နီဇွဲလား နိုင်ငံမှာ အမေရိကန်က အထူးစစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီး သမ္မတ နစ်ကိုလက်စ် မာဒူရိုကို လက်ရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ မာဒူရိုကို ဖမ်းဆီးပြီးတဲ့နောက် အသစ်တက်လာတဲ့ ဗင်နီဇွဲလား ယာယီ အစိုးရဟာ ထရမ့်ရဲ့ ဖိအားပေး တောင်းဆိုမှုတွေကို လိုက်လျောပြီး နိုင်ငံရဲ့ ရေနံလုပ်ငန်းကို အမေရိကန် ထိန်းချုပ်ခွင့်ဆီ လွှဲပေးဖို့ သဘောတူခဲ့ရတာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဗင်နီဇွဲလား ရေနံနဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေအပေါ် အကြီးအကျယ် မှီခိုနေရတဲ့ ကျူးဘားဟာ စီးပွားရေးအရ အကြီးအကျယ် ယိမ်းယိုင်သွားနိုင်ပါတယ်။

Public Service Announcement
ကျူးဘား အစိုးရ အနေနဲ့ အဲဒီ အကျပ်အတည်းကို ဖြေရှင်းဖို့ မလွယ်ကူသလို နှစ်ကုန်ပိုင်းလောက်ကျရင် အမေရိကန်က အင်အားသုံးစရာ မလိုဘဲ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ယူဆကြောင်းလည်း အဲဒီ အရာရှိတွေက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတောင် ကျူးဘား လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်းရဲ့အောက်မှာ ရှင်သန်နေထိုင်နေရပါတယ်။
ကျူးဘား အစိုးရကို ဘယ်လိုနည်းမျိုးနဲ့ ပြောင်းလဲပစ်စေနိုင်မလဲ ဆိုတာမျိုး၊ အင်အားသုံး ဖယ်ရှားဖို့ ဆုံးဖြတ်ထားသလား ဆိုတာမျိုးကိုတော့ တိတိကျကျ အစီအစဉ် ရေးဆွဲမထားသေးကြောင်း အမေရိကန် အရာရှိတွေက ဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဖလော်ရီဒါပြည်နယ် ကမ်းလွန်မှာ တည်ရှိနေတဲ့ ကျွန်းနိုင်ငံငယ်ဟာ ၁၉၅၉ ခုနှစ်မှာ ဖက်ဒရယ် ကက်စထရို အာဏာရလာတာနဲ့အတူ ကွန်မြူနစ် အစိုးရ အုပ်စိုးမှုအောက် ကျရောက်သွားခဲ့ပါတယ်။ လက်ရှိ ကျူးဘား အစိုးရကိုတော့ မီဂွယ်လ် ဒီယက်ဇ် ကာနဲလ်က သမ္မတအဖြစ် ဦးဆောင်နေပါတယ်။
လောလောဆယ်မှာတော့ အမေရိကန် ထောက်လှမ်းရေးတွေဟာ ကျူးဘား အစိုးရ အဖွဲ့ဝင်တွေထဲမှာ ဘယ်သူက အမေရိကန်ဖက် ယိမ်းသလဲ၊ ထရမ့်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ဆန္ဒရှိသလဲ ဆိုတာကို အဓိကထားပြီး ဆန်းစစ်နေတယ်လို့လည်း WSJရဲ့ သတင်းရင်းမြစ်တွေက မှတ်ချက်ပေးသွားပါတယ်။
ကျူးဘား အစိုးရဟာ အမေရိကန်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရသူ ဗင်နီဇွဲလား သမ္မတ မာဒူရိုရဲ့ အနီးကပ်ဆုံး မဟာမိတ်လည်း ဖြစ်ပါတယ်။ မာဒူရိုကို အမေရိကန် တပ်ဖွဲ့ဝင်တွေက ဝင်ဖမ်းတဲ့ စီးနင်းမှုအတွင်း သမ္မတအိမ်တော် တဝိုက်မှာ လုံခြုံရေး တာဝန်ယူထားတဲ့ ကျူးဘားစစ်သား ၃၂ ဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: WSJ


















































