မက္ကဆီကို နိုင်ငံမှာ ဘောလုံးကွင်းတစ်ခုထဲ သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်လို့ လူ တစ်ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့က မက္ကဆီကို အလယ်ပိုင်း၊ ဂွာနာဂျူရာတို ပြည်နယ်ထဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ သေဆုံးသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ၁၂ ဦး စာရင်းရထားကြောင်း၊ သေဆုံးသူတွေထဲမှာ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ကြောင်း အခင်းဖြစ်ပွားတဲ့ ဆာလာမန်ကာမြို့ရဲ့ မြို့တော်ဝန် ဆီဇာ ပရီတိုက ပြောကြားခဲ့ပါတယ်။

ပြည်နယ်တစ်ခုလုံးမှာ လက်နက်ကိုင် အကြမ်းဖက် ရန်လိုမှုတွေ ထူပြောနေပြီး ဆာလာမန်ကာမှာ အခြေအနေတွေက ပိုဆိုးရွားနေခဲ့ကြောင်း၊ အခုဖြစ်ရပ်ကတော့ အဲဒီ အကျည်းတန်တဲ့ အမှန်တရားကို သက်သေပြလိုက်တဲ့ နောက်ထပ် ပြယုဂတ်တစ်ခုဖြစ်ကြောင်း ပရီတိုက ဆိုပါတယ်။
ဒုစရိုက်သမားတွေက မက္ကဆီကိုရဲ့ ဥပဒေစိုးမိုးမှုကို ဖိနှိပ်ဖျက်ဆီးဖို့ ကြိုးစားနေပေမယ့် ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။ ပရီတိုက ဒေသတွင်းက ဒုစရိုက်ဂိုဏ်းတွေကို ဖိနှိပ် ဖြိုခွင်းနိုင်ရေး ပိုမို ကူညီပေးဖို့ သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းနဲ့ အစိုးရကိုလည်း အကူအညီ တောင်းခံခဲ့ပါတယ်။

Public Service Announcement
မျက်မြင်တွေရဲ့ အဆိုအရ မြို့ထဲက ဘောလုံးကွင်းမှာ ဘောလုံးပွဲတစ်ခုအပြီး သေနတ်သမားတွေ ရောက်လာပြီး ရမ်းကားပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ အခုတိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းတရားကိုတော့ စုံစမ်းနေဆဲပါ။
ပြည်နယ် ရှေ့နေချုပ်ရုံးရဲ့ စုံစမ်းရေး အရာရှိတွေက ဦးဆောင်ပြီး ဒီကိစ္စကို အမှုဖွင့်ထားပါတယ်။ ပရီတိုကတော့ ကျူးလွန်သူတွေကို ကျိန်းသေပေါက် ရှာဖွေဖော်ထုတ်ပြီး အပြစ်ပေးသွားမယ်လို့ Facebookမှာ ရေးသားထားခဲ့ပါတယ်။
ဂွာနာဂျူရာတိုဟာ မက္ကဆီကိုရဲ့ စက်မှုရပ်ဝန်းကြီးတစ်ခု ဖြစ်သလို ကမ္ဘာလှည့် ခရီးသည်တွေကြား ရေပန်းစားတဲ့ ခရီးသွားဇုန် တစ်ခုပါ။ ဒါပေမဲ့ အမှောင်ခြမ်း မျက်နှာစာ တစ်ခုအဖြစ် ဒုစရိုက်ဂိုဏ်းတွေရဲ့ နယ်မြေလု စစ်ပွဲတွေကြောင့် မက္ကဆီကိုရဲ့ လက်နက်ကိုင် မှုခင်းတွေနဲ့ ဆက်စပ်ပြီး သေဆုံးမှု အများဆုံး ဒေသ အနေနဲ့လည်း သတ်မှတ် ခံထားရပါတယ်။
ကိုးကား: DW


















































