ရေတပ်သင်္ဘောတွေ တိုက်မိရာက ၂ ဦး ဒဏ်ရာရခဲ့ကြောင်း အမေရိကန် ရေတပ်က အတည်ပြုခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့တုန်းက တောင်အမေရိက ကမ်းလွန်ရေပြင်မှာ အမေရိကန် ရေတပ်ရဲ့ စစ်သင်္ဘော တစ်စီးနဲ့ ဆီသယ်ရေယာဉ်တစ်စီး တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ရေယာဉ်နှစ်စီးဟာ ဆီဖြည့်မစ်ရှင် တစ်ခုအတွင်း မတော်တဆမှု ကြုံခဲ့ပြီး စစ်မှုထမ်း ၂ ဦး အနည်းအကျဉ်း ဒဏ်ရာရခဲ့ပြီး အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း အမေရိကန် တောင်ပိုင်းတိုင်း စစ်ဦးစီး ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
တိုက်မိခဲ့တဲ့ ရေယာဉ်တွေက ပဲ့ထိန်း ဒုံးကျည်တပ် ဖျက်သင်္ဘော တစ်စီးနဲ့ မြန်နှုန်းမြင့် ထောက်ပံ့ရေး သင်္ဘောတစ်စီး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ရေယာဉ်နှစ်စီး တိုက်မိရတဲ့ အကြောင်းရင်းကိုတော့ တောင်ပိုင်းတိုင်း စစ်ဦးစီးဌာနက မကြေညာခဲ့ပါဘူး။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့တော့ ဌာနက ထုတ်ပြန်ထားပါတယ်။ သင်္ဘော နှစ်စီးစလုံးဟာ ဘေးကင်းကင်းနဲ့ ဆက်လက် ခုတ်မောင်းနိုင်ခဲ့တယ်လို့လည်း ရေတပ်က ပြောပါတယ်။

Public Service Announcement
Arleigh Burkeအဆင့် ဖျက်သင်္ဘော USS Truxtunနဲ့ Supplyအဆင့် မြန်နှုန်းမြင့် ထောက်ပံ့ရေး စစ်ရေယာဉ် USNS Supplyတို့ ဘယ်နေရာမှာ တိုက်မိခဲ့သလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြန်နှုန်းမြင့် ထောက်ပံ့ရေး စစ်ရေယာဉ် ဆိုတာဟာ သမားရိုးကျ ထောက်ပံ့ရေး ရေယာဉ်တွေနဲ့ မတူဘဲ လေယာဉ်တင် သင်္ဘောတွေ ဦးဆောင်တဲ့ မဟာဗျူဟာ တိုက်ရေယာဉ်အုပ်တွေမှာ လိုက်ပါနိုင်အောင် တည်ဆောက်ထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။
အစောပိုင်း သတင်းအချက်အလက်တွေ အရတော့ USNS Supplyဟာ ကာရေဘီယန် ပင်လယ်ပြင်ထဲမှာ စစ်ဆင်ရေး လှုပ်ရှားနေခဲ့တယ်လို့ Wall Street ဂျာနယ်က ဖော်ပြခဲ့ပါတယ်။ အမေရိကန် တောင်ပိုင်းတိုင်း စစ်ဦးစီး ဌာနဟာ အတ္တလန္တိတ် တောင်ပိုင်းနဲ့ ပစိဖိတ်တောင်ပိုင်း ရေပြင်တွေက စစ်ဆင်ရေး ကဏ္ဍတွေကိုလည်း ကွပ်ကဲခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ကာရေဘီယန် ပင်လယ်ပြင်မှာ မူးယစ်မှောင်ခို လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်တွေကို ဖြန့်ကျက်ထားစေပါတယ်။
အခုသီတင်းပတ်ထဲမှာ အမေရိကန်က ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ မူးယစ်မှောင်ခို လှေလို့ စွပ်စွဲပြီး ရေယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့တာကြောင့် ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့် အလားတူ စစ်ဆင်ရေးတွေအတွင်း အမေရိကန်က သုတ်သင် ရှင်းလင်းခဲ့သူ ဦးရေဟာ ၃၈ ဦးထိ ရှိလာပါတယ်။
အမေရိကန်ဟာ ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားတဲ့ ဗင်နီဇွဲလား ရေနံတွေရဲ့ ရွေ့လျားမှုတွေကို ကန့်သတ်ဖို့ အတွက်လည်း စစ်အင်အားတွေ ဖြန့်ကျက် အသုံးပြုထားပါတယ်။
ကိုးကား: BBC

















































