Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျူးဘား ကမ်းခြေစောင့်တပ် ပစ်ခတ်လို့ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်ပေါ်က လူ ၄ ဦး သေဆုံး

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တုန်းက ဖြစ်စဉ်မှာတော့ ကျူးဘားဖက်က ပစ်ခတ်မှုကြောင့် အမြန်မော်တော်ဘုတ်ပေါ် လိုက်ပါလာသူ ၄ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ကျူးဘားဖက်ကလည်း ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျူးဘားနဲ့ အမေရိကန်ကြားမှာ ခါးသီးတင်းမာတဲ့ ဆက်ဆံရေးတွေ ရှိနေချိန်မှာ အခုကိစ္စက အခြေအနေတွေကို ပိုဆိုးလာစေဖွယ် ရှိနေပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာဟာ ကျူးဘား ကမ်းရိုးတန်းနဲ့ နီးနီးကပ်ကပ် ပင်လယ်ပြင်မှာလို့ ကျူးဘားဖက်က ကြေညာပါတယ်။

ကျူးဘားဟာ ကွန်မြူနစ် အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေပြီး အမေရိကန်ရဲ့ တင်းကျပ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကြုံနေရပါတယ်။ ပစ်ခတ်မှုအတွင်း လှေပေါ်မှာ သေဆုံး၊ ဒဏ်ရာရခဲ့သူတွေက ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုရော၊ ဘာကြောင့် ကျူးဘား ရေပိုင်နက်နား ရောက်နေရသလဲ ဆိုတာကိုပါ ကျူးဘားဖက်က မထုတ်ပြန်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ဖလော်ရီဒါ ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ် ပစ်ခတ်ခံရမှုကို အမေရိကန်က သီးခြား စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး လိုအပ်သလို တုံ့ပြန် အရေးယူသွားမယ်လို့ ပြောပါတယ်။ ကျူးဘားဖက်က ပြောသမျှ စကားတွေကို အမေရိကန်က ယုံကြည်မှာ မဟုတ်ကြောင်း၊ ပစ်ခတ်မှု ဘာကြောင့် ဖြစ်ပွားခဲ့သလဲဆိုတဲ့ ဇာတ်ကြောင်း အပြည့်အစုံကို အမေရိကန်က စုံစမ်း ဖော်ထုတ်နိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်ကလည်း အိမ်ဖြူတော်ဟာ ဒီဖြစ်စဉ်ကို စောင့်ကြည့် အကဲခတ်နေကြောင်း အတည်ပြုခဲ့ပြီး ဆိုးဆိုးရွားရွားတွေ ဖြစ်မလာဖို့တော့ မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ သူဟာ ရူဘီရိုဆီက အစီရင်ခံမှုတွေကို ရရှိနေကြောင်း၊ ဒါပေမဲ့ ဖြစ်စဉ်တစ်ခုလုံးကို ရုပ်လုံးပေါ်လာတဲ့ထိ အမေရိကန်က မသိရှိရသေးကြောင်းလည်း ဗန့်စ်က ပြောကြားသွားပါတယ်။

ကျူးဘားနဲ့ ကီလိုမီတာ ၁၆၀ လောက်အကွာမှာ တည်ရှိတဲ့ ဖလော်ရီဒါ ပြည်နယ်ရဲ့ ရှေ့နေချုပ်ကလည်း အခုဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။

ကျူးဘား ပြည်ထဲရေး ဝန်ကြီးဌာနက အဲဒီလှေဟာ ကျူးဘားပိုင် ကေယို ဖယ်လ်ကိုနက်စ်ကျွန်းရဲ့ ရေမိုင် ၁ မိုင် အကွာထိ တရားမဝင် ချဉ်းကပ်ကျူးကျော်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ ရေယာဉ်ကို သွားရောက် စစ်ဆေးတဲ့ ကမ်းခြေစောင့် သင်္ဘောကို ရေယာဉ်ဖက်က စတင်ပစ်ခတ်ခဲ့ပြီး ကမ်းခြေစောင့်တပ် ရေယာဉ်မှူး ဒဏ်ရာရခဲ့ကြောင်းလည်း ကျူးဘားက စွပ်စွဲခဲ့ပါတယ်။

ကျူးဘား အစိုးရဟာ အမေရိကန်ဆီက ရေယာဉ်တွေ တရားမဝင် ကျူးကျော်ဝင်ရောက်ကြောင်း အရင်ကလည်း စွပ်စွဲတာတွေ ရှိခဲ့ဖူးပါတယ်။ များသောအားဖြင့် ကျူးဘားကနေ ဖလော်ရီဒါဆီ ခိုးဝင်သူတွေကို ခေါ်ထုတ်ဖို့နဲ့ မူးယစ်ဆေး မှောင်ခို လုပ်ငန်းတွေအတွက် အဲဒီလို တရားမဝင် ခုတ်မောင်းမှုတွေ ရှိတတ်ကြပြီး ကျူးဘား ကမ်းခြေစောင့်တပ်က လိုက်လံဖမ်းဆီးတာ၊ အပြန်အလှန် ပစ်ခတ်တာမျိုး ကိစ္စတွေ ကြုံခဲ့ဖူးပါတယ်။

အခုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ကျူးဘား ရေပြင်ကို ကာကွယ်ဖို့ လုပ်သင့်တာ မှန်သမျှ ဆက်လုပ်နေမယ်လို့ ကျူးဘား ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။