မတ်-၁၊၂၀၂၆။People’s Spring
အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ နိုင်ငံ အဓိပတိကြီး အယာတိုလာအလီခါမေနီအတွက် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ အီရန် အစိုးရ ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ကသာ အမေရိကန်နဲ့ အစ္စရေးတို့ကို ဒုံးကျည်တွေနဲ့ ဆက်ပြီး ပစ်ခတ်နေမယ်ဆိုရင် ဘယ်တုန်းကမှမကြုံဖူးလောက်တဲ့ အင်အားမျိုးနဲ့ အီရန်ကို တိုက်ခိုက်ရလိမ့်မယ်လို့ ခြိမ်းခြောက်ထားပေမယ့်အီရန်ကတော့ ခါမေနီအတွက် ကျိန်းသေပေါက် ကလဲ့စား ချေမယ်လို့ ကြုံးဝါးထားပါတယ်။
ခါမေနီဟာအစ္စရေးနဲ့အမေရိကန်ကအီရန်ကို စတင်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီ ၂၈ ရက်၊စနေနေ့မှာပဲ သူ့ရဲ့ ရုံးခန်းထဲမှာ ဒုံးကျည်တွေ ထိမှန်ခံရပြီး သေဆုံးခဲ့တယ်လို့အီရန်အစိုးရကထုတ်ပြန်ပါတယ်။နောက်ထပ် အီရန်ရဲ့ နိုင်ငံရေး နဲ့ စစ်ရေး ခေါင်းဆောင်တချို့လည်း အဲဒီအငိုက်ဖမ်း စတင်တိုက်ခိုက်လာတဲ့ စစ်ဆင်ရေးတွေမှာ အသက်ဆုံးရှုံးခဲ့ပါတယ်။

Public Service Announcement
နောက်တော့ အီရန်ကလည်းအစ္စရေးအပြင် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေနဲ့ တုံ့ပြန် ပစ်ခတ်နေခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့မှာတော့ အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းကခါမေနီကိုလုပ်ကြံသတ်ဖြတ်မှုဟာ မွတ်ဆလင်တွေအပေါ် စစ်ကြေညာမှုမြောက်တယ်လို့ကြေညာခဲ့ပြီးအခုလိုသမိုင်းဝင်ရာဇဝတ်မှုကြီးကိုကျူးလွန်သူတွေ၊ကြိုးကိုင်သူတွေကိုလက်တုံ့ပြန်ဖို့ ဆိုတာဟာ တရားဝင်တဲ့၊ မှန်ကန်တဲ့ တာဝန်တစ်ခုအဖြစ် အီရန်က ယူဆထားကြောင်း ပြောကြားသွားပါတယ်။
အလားတူ အီရန်ရဲ့ဩဇာကြီးမားတဲ့ အမျိုးသား လုံခြုံရေးကောင်စီရဲ့ အကြီးအကဲဖြစ်တဲ့ အလီ လာရီဂျာနီကလည်း သတ္တိပြောင်မြောက်တဲ့ အီရန်စစ်သည်တော်တွေနဲ့ အီရန်နိုင်ငံဟာ နိုင်ငံတကာ ဖိနှိပ်သူတွေကို ဘယ်တော့မှ မမေ့နိုင်တော့မယ့် သင်ခန်းစာတစ်ခုပေးသွားမယ်လို့ဆိုပါတယ်။
ထရမ့်ကတော့ မနေ့တုန်းက အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို အီရန်ကိုယ်တိုင်လည်းအထိနာခဲ့ကြောင်း၊ဒီနေ့မှာတော့ အီရန်ကို ဘယ်တုန်းကမှ မကြုံဖူးတဲ့အင်အားမျိုးနဲ့ ထိုးနှက်သွားမှာဖြစ်ကြောင်းလူမှုကွန်ရက် မီဒီယာပေါ်မှာ အီရန်ကို ခြိမ်းခြောက် သတိပေး ရေးသားထားခဲ့ပါတယ်။
ခါမေနီ သေဆုံးမှုဟာ အီရန်မှာ အောင်ပွဲခံမှုတွေရော၊ဝမ်းနည်းပူဆွေးမှုတွေကိုပါ ဖြစ်ပေါ်လာစေခဲ့ပါတယ်။သူ့ကို လေးစားကြည်ညိုသူတွေ အတွက်တော့ ဒါဟာ သတင်းဆိုး ဖြစ်ခဲ့ပြီး အီရန် အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေကတော့ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။အလားတူပဲပြည်နိုင်ငံ တချို့မှာလည်း အီရန် နိုင်ငံသားတွေက အောင်ပွဲတွေ ခံနေခဲ့တာတွေ့ရပါတယ်။
တဟီရန်မြို့တော်မှာအစိုးရလိုလားတဲ့အင်အားစုတွေက အမေရိကန် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပြီးခါမေနီအတွက်လက်စားချေပေးဖို့တောင်းဆိုခဲ့ကြပါတယ်။
ထရမ့်ကတော့ လက်ရှိ အခြေအနေကိုအခွင့်အရေးအဖြစ် အသုံးချပြီး အီရန်ပြည်သူတွေအနေနဲ့ အစိုးရကို တော်လှန်ဖြုတ်ချပြီး လူထုအာဏာကို အရယူကြဖို့ တိုက်တွန်းထားပါတယ်။
ကိုးကား: AFP
(အီရန်က ယူအေအီး ၊ကာတာ ၊ဘာရိန်နိုင်ငံတို့ရှိ အမေရီကန်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုကြောင့် မီးခိုးတွေထွက်နေစဥ်/ ခါမေနီသေဆုံး၍ပျော်ရွှင်ပြီးအောင်ပွဲခံနေတဲ့ ပြည်ပရောက်အီရန်ပြည်သူတွေနဲ့ ခါမေနီသေလို့ ဝမ်းနည်းပြီးဆန္ဒပြနေသူတွေ ။ဓါတ်ပုံ-AFP ၊Reuters ၊Getty )




























































