ပြည်တွင်းမှာ လောင်စာဆီ လက်ကျန် သိုလှောင်ထားနိုင်စွမ်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ အစိုးရကို ထိုင်းအတိုက်အခံ ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ပြည်သူ့ပါတီ (PP)ရဲ့ အကြီးအကဲဖြစ်သူ နတ်တာဖောင် ရူပညာဝတ်က သူ့ရဲ့ ပါတီဟာ ထိုင်းနိုင်ငံမှာ ကြုံနေတဲ့ လက်ရှိ စွမ်းအင် အကျပ်အတည်းနဲ့ ပတ်သက်ပြီး အစိုးရက အချက်အလက်တွေ စုံစုံလင်လင် ထုတ်ပြန်ပေးရေး အဆိုတစ်ရပ်ကို လွှတ်တော်မှာ တင်ပြ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။ ပြီးတော့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့နဲ့ စိုးရိမ်နေတဲ့ ပြည်သူတွေက သိသင့်တဲ့ အချက်အလက်တွေ သိနိုင်စေဖို့အတွက် အဲဒီအဆိုကို အမတ်အများစုက ထောက်ခံမဲ ပေးကြမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
အီရန်စစ်ပွဲကြောင့် တခြား ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ ထိုင်းမှာလည်း လောင်စာဆီ ပြတ်လပ်နိုင်ခြေနဲ့ ရင်ဆိုင်နေရပြီး အစိုးရဟာ စွမ်းအင် ချွေတာရေးဆိုင်ရာ အရေးပေါ် အစီအမံတွေကို လတ်တလော သတ်မှတ် ကျင့်သုံးနေရပါတယ်။
မတ်လ ၁၉ ရက်နေ့က ထိုင်းလွှတ်တော်မှာ အနူတင် ချန်ဝီယာကူကို ဝန်ကြီးချုပ်အဖြစ် တရားဝင် ရွေးချယ် မတင်မြှောက်ခင်မှာ နတ်တာဖောင်က သူ့ပါတီက အဆိုတင်မယ့် အစီအစဉ်အကြောင်း ပြောဆိုခဲ့တာပါ။ အဲဒီတုန်းက ဝန်ကြီးချုပ် ရာထူးအတွက် တရားဝင် မဆုံးဖြတ်ရသေးတဲ့အတွက် သူ့ပါတီဟာ အတိုက်အခံအဖြစ် အမှန်တကယ် မရပ်တည်ရသေးတာကြောင့် လက်ရှိ ကြုံနေရတဲ့ စွမ်းအင် အကျပ်အတည်း၊ ဆီစျေးမြင့်တက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံ၊ မူဝါဒတွေကို မေးခွန်း မထုတ်သေးတာလို့ နတ်တာဖောင်က ရှင်းပြခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ရွေးကောက်ခံ လွှတ်တော်အမတ် တစ်ဦးအနေနဲ့ သူဟာ လုပ်သင့်လုပ်ထိုက်တာတွေကို ကြိုတင် လုပ်ဆောင်နေသလို အစိုးရရဲ့ လက်ရှိ ကိုင်တွယ်ဆောင်ရွက်မှုတွေကို ထုတ်ပြန်ပေးရေး တောင်းဆိုမယ့် အဆိုအတွက် တခြားအမတ်တွေနဲ့ စတင် ဆွေးနွေးနှင့်နေကြောင်း နတ်တာဖောင်က ဆိုပါတယ်။
သူ့ပါတီက တင်သွင်းဖို့ လျာထားတဲ့ အဆိုကို ညွန့်ပေါင်း အစိုးရဖက်က အမတ်အများစုကပါ ထောက်ခံပေးကြမယ်လို့ မျှော်လင့်ကြောင်းလည်း နတ်တာဖောင်က ပြောကြားသွားပါတယ်။
သူက ထိုင်းမှာ ဆီစျေးတွေ ကြီးလာတဲ့ ပြဿနာထက် ပိုပြီး စိုးရိမ်သင့်တာက လုံးဝဥဿုံ ဆီပြတ်သွားနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့လည်း သတိပေးသွားပါတယ်။ လောင်စာဆီ ထောက်ပံ့မှု အခြေအနေတွေက ဘယ်လို လည်ပတ်နေသလဲ၊ စုဆောင်းဝယ်ယူမှုတွေကို ဘယ်သူက တာဝန်ယူ လုပ်ဆောင်နေသလဲ ဆိုတာတွေကို အစိုးရဖက်က သေသေချာချာ ရှင်းမပြသေးဘူးလို့လည်း နတ်တာဖောင်က ထောက်ပြခဲ့ပါတယ်။
တကယ်လို့ အစိုးရဖက်က သဘောတူတဲ့ လမ်းဖွင့်ပေးမှုမျိုး ရှိမယ်ဆိုရင် သူ့ရဲ့ ပါတီဟာ လက်ရှိ အကျပ်အတည်းကို ကူညီ ဖြေရှင်းဖို့ ထောက်ခံ တင်ပြချက်တွေ အမြန်ဆုံး ပေးပို့သွားလိုကြောင်းလည်း နတ်တာဖောင်က ကမ်းလှမ်းခဲ့ပါတယ်။
သူ့ရဲ့ပါတီ PPဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ ကြိုတင် ရေပန်းစားခဲ့ပေမယ့်လည်း ဝန်ကြီးချုပ် အနူတင် ဦးဆောင်နေတဲ့ ဖုန်ကျိုင်ထိုင်း (BJT) ပါတီက အမတ်နေရာ အများဆုံး ရရှိပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Khaosod


















































